International News

ထိုင်းနိုင်ငံ Airports of Thailand Ground Aviation Services (AOTGA) က သုဝဏ္ဏဘူမိလေဆိပ်တွင် Multimodal Transportation Center အသစ် ဖွင့်လှစ်ခဲ့

Last Updated:

ထိုင်းနိုင်ငံကို ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးအချက်အချာဖြစ်စေရန်နှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံတို့အကြား ကုန်စည်ပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန် အတွက် သုဝဏ္ဏဘူမိလေဆိပ်တွင် Multimodal Transportation Center အသစ်ကို Airports of Thailand Ground Aviation Services (AOTGA) က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဝန်ဆောင်မှုတွင် ကုန်လမ်း၊ ရထားလမ်း၊ ပင်လယ်နှင့် လေကြောင်း တို့အပြင် အကောက်ခွန်ရှင်းလင်းရေးတို့ကိုလည်း တစ်နေရာတွင် ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ ယင်းသည် ထောက်ပံ့ ပို့ဆောင်ရေး ကုမ္ပဏီများကို ကုန်ကျစရိတ်သက်သာစေရုံသာမက အစိုးရ၏ ဒေသတွင်း လေကြောင်းအချက်အချာမူဝါဒကိုလည်း ဖော်ဆောင်ရာရောက်ပါကြောင်း၊ စင်တာမှ ၂၀၂၅ ခုနှစ် အတွင်း ဝင်ငွေ ဘတ် ၈၀ သန်းရရှိနိုင်ရန်နှင့် Cargo ပမာဏကိုလည်း တန်ချိန် ၄၀,၀၀၀ မှ ၅၀,၀၀၀ အကြား ရောက်ရှိရန် မျှော်မှန်းထားပါကြောင်း၊ စင်တာကို လေဆိပ်၏ ကင်းလွတ်ခွင့်ဇုန် ၃ တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ ၁၀ ခုက စင်တာ ဝန်ဆောင်မှုကို အသုံးပြုပါကြောင်း၊ e-commerce တိုးတက်လာသည်နှင့်အမျှ ဝင်ငွေနှင့် Cargo အရေအတွက်သည် ၁ နှစ်လျှင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအကြား မြင့်တက်လာမည်ဟု မျှော်မှန်းထားပါကြောင်း AOTGA ဥက္ကဋ္ဌ Mr. Siriwat Tovachirakul က ပြောကြားခဲ့ပါသည်။

AOTGA၊ AOT နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ ဘတ် ၁၅၀ သန်း ရင်းနှီးမြှုပ်နှံ ထားပါကြောင်း၊ စင်တာသည် ပို့ဆောင်ရေးလမ်းကြောင်းအားလုံးနှင့် ချိတ်ဆက်သွားရန်၊  Cargo ကိုင်တွယ်မှု၊ သိမ်းဆည်းမှုနှင့် ပြည့်စုံသော အကောက်ခွန်ရှင်းလင်းမှုစနစ်ဖြစ်ရန် မျှော်လင့်ထားပါ ကြောင်း၊ e-commerce ကုန်စည်များအပေါ် ဦးစားပေးသည့် CLMV နိုင်ငံများအတွက် အချက်အချာ ဖြစ်စေမှုကို ပြသမည့် လေကြောင်း Cargo ကဏ္ဍကို အထူးအလေးထားကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News