Local News

ပန်းတနောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ပေါ်ဆန်းစပါးတင်းရေ ၈၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ပေါ်ဆန်းစပါးအမျိုးအစား တင်းရေ ၈၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ  ဆန်စပါး ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဇာခြည်က ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်းက ပေါ်ဆန်းစပါးအမျိုးအစားတင်းရေ ၅၈၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လအတွင်း ပေါ်ဆန်းစပါးအမျိုးအစားတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ စပါးအမျိုးအစားသည် ဆန်ချောအုပ်စုတွင် ပါဝင်သည့် အမျိုးအစားဖြစ်ကြောင်း သိရသည်။

“ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဩဂုတ်လအတွင်း ပေါ်ဆန်းစပါးတင်းရေများများ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့စပါးတွေက အရည်အသွေးမီစပါးတွေကပါ။ ပေါ်ဆန်းစပါးအမျိုးအစားက ဆန်အချောအုပ်စုထဲမှာ ပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဘက်က ဝယ်ယူအားများနေလို တင်ပို့အား တက်ခဲ့တာဖြစ်ပါတယ်။ ပေါ်ဆန်းစပါးအမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေတယ်။ အခြားစပါးတွေနဲ့ယှဉ်ရင် ဩဂုတ်လအတွင်းမှာ လတ်တလောအနေနဲ့ပါ ဒီစပါး အမျိုးအစားက အရောင်းအဝယ် ပိုဖြစ်နေပါတယ်” ဟု ပန်းတနော်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဇာခြည်က ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း တင်ပို့ရောင်းချခဲ့သည့် ပေါ်ဆန်းစပါးအမျိုးအစားတင်းရေ ၁၀၀ လျှင် ငွေကျပ် ၂၁၅၀၀၀၀ ဈေးပေါက်နေကြောင်း၊ အဆိုပါစပါးများ အရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိနေကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News