International News

၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ ၂.၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ကနဦး ထုတ်ပြန်ချက်တွင် ၃.၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ ၂.၉ ရာခိုင်နှုန်း ရှိခဲ့သည်ဟု ပြင်ဆင်ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းတွင် ပုဂ္ဂလိက သုံးစွဲနိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ  မျှော်မှန်းထား သလောက် မြင့်တက်လာခြင်း မရှိသည့်အတွက် ယခုကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့က ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ၃ လပတ် ကာလတွင် ယခင် ၃ လပတ်ကာလနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၇ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ကနဦး ထုတ်ပြန်ခဲ့ကြောင်းနှင့် အမှန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၈ ရာခိုင်နှုန်း ရှိခဲ့သည်ဟု ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်းနှင့် ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၀.၉ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ကနဦးထုတ်ပြန် ခဲ့သော်လည်း ၀.၈ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်ဟု ပြင်ဆင်ထုတ်ပြန်ထားကြောင်း ဖော်ပြ ထားပါသည်။  

ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုလျက်ရှိသည့် ပုဂ္ဂလိကသုံးစွဲနိုင်စွမ်းမှာ ၃ လပတ်ကာလ ၅ ခုအတွင်း ပထမဆုံး အကြိမ်အဖြစ် ၀.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ကနဦးထုတ်ပြန်ချက်တွင် ၁ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ပို့ကုန်မှာ ၁.၄ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ကနဦးထုတ်ပြန်ထားသော်လည်း မော်တော်ယာဉ်တင်ပို့မှု များပြားခဲ့ခြင်းကြောင့် အမှန်တိုးတက်မှုနှုန်းမှာ ၁.၅ ရာခိုင်နှုန်း ရှိခဲ့ ကြောင်း၊ ဂျပန်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို ၄.၅ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ကနဦး ခန့်မှန်းထုတ်ပြန်ခဲ့သော်လည်း အမှန်မြင့်တက်မှုမှာ ၄.၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ငွေကြေး ဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသော ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ ၇.၄ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ကနဦးထုတ်ပြန်ခဲ့သော်လည်း အမှန်တိုးတက်မှု နှုန်းမှာ ၇.၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ Nominal GDP မှာ ၆၀၇.၅၈ ထရီလီယံ ယန်း ရှိခဲ့ပြီး၊ ပထမဆုံးအကြိမ်အဖြစ် ယန်း ၆၀၀ ကျော်ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက် ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ Nominal GDP ကို ယန်း ၆၀၀ ကျော် ရှိစေရေး မျှော်မှန်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။  

 

Source: The Kyodo News (၉-၉-၂၀၂၄)  

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News