International News

အမေရိကန်နိုင်ငံက တရုတ်လက်အိတ်များကို အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည့်အစီအစဉ် ကြောင့် မလေးရှားလက်အိတ်ထုတ်လုပ်သူများ၏ စတော့ရှယ်ယာဈေးနှုန်းမြင့်တက်ခဲ့

Last Updated:

အမေရိကန်နိုင်ငံက တရုတ်လက်အိတ်သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းကို  ယခင်  သတ်မှတ်သည်ထက်ပို၍ ကောက်ခံရန်စီစဉ်လျက်ရှိသဖြင့် မလေးရှားလက်အိတ်ထုတ်လုပ်သည့် ကုမ္ပဏီများ၏ စတော့ရှယ်ယာဈေးနှုန်းသည် မြင့်တက်ခဲ့ကြောင်း Wall Street Journal အွန်လိုင်း သတင်း၌ ၁၇-၉-၂၀၂၄ ရက်တွင် “Malaysian Glove Makers’ Shares Jump as U.S. Plans Higher Tariffs on Chinese Gloves” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံက ယင်းသို့အကောက်ခွန်နှုန်းတိုးမြှင့် ကောက်ခံခြင်းသည် အရှေ့တောင်အာရှ လက်အိတ်ထုတ်လုပ်သည့်လုပ်ငန်းများအတွက် အင်အားကြီးလုပ်ငန်းများနှင့် ယှဉ်ပြိုင်ရမှု လျော့နည်းစေကြောင်း၊ အမေရိကန်ကုန်သွယ်မှုကိုယ်စားလှယ်ရုံး (Office of the United States Trade Representative)၏ ပြောကြားချက်အရ တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနှင့် ခွဲခန်းသုံးလက်အိတ်များကို လက်ရှိတွင် အကောက်ခွန်နှုန်း (၇.၅) ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တွင် (၅၀)ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီတွင် (၁၀၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေလတွင် ဖော်ပြပါကုန်ပစ္စည်းများ ကို ၂၀၂၆ ခုနှစ်မတိုင်မီ (၂၅) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု သမ္မတဂျိုးဘိုင်ဒင်အစိုးရက ပြောကြားခဲ့သော်လည်း ယခုတိုးမြှင့်ကောက်ခံမည့် ပမာဏသည်မြင့်မားကြောင်း သိရပါသည်။

အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံရန်ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့အကြီးဆုံး လက်အိတ်ထုတ် လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Top Glove ၏ အစုရှယ်ယာဈေးနှုန်းသည် ၁၇-၉-၂၀၂၄ ရက်တွင် (၂၁)ရာခိုင်နှုန်း (၀.၂၆ ဒေါ်လာအထိ) မြင့်တက်ခဲ့ပြီး အလားတူလက်အိတ်ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော Hartalega ၏ အစုရှယ်ယာဈေးနှုန်းသည် (၂၆) ရာခိုင်နှုန်း၊ Kossan Rubber Industries သည် (၁၇) ရာခိုင်နှုန်းနှင့် Supermax Corp. သည် (၁၈) ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏လက်အိတ်သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်  အမေရိကန်နိုင်ငံ၏ဆုံးဖြတ်ချက်ကြောင့် မလေးရှားလက်အိတ်ထုတ်လုပ်သည့်ကုမ္ပဏီများကို အကျိုး ရှိစေပြီး Hartalega နှင့် Kossan Rubber Industries တို့၏ ရောင်းအားသည် အမေရိကန်နိုင်ငံ၌ ပို၍ တက်လာနိုင်ကြောင်း၊ Hong Leong Investment Bank နှင့် Kenanga Investment Bank တို့က မလေးရှားနိုင်ငံ၏ လက်အိတ်ထုတ်လုပ်မှုကဏ္ဍအပေါ် အဆင့်သတ်မှတ်ချက်များ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

(စီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

 

Category: International News