International News

၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံ၌ စာရင်းရှင်စာရင်းပိုငွေ စံချိန်တင် များပြားခဲ့

Last Updated:

ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ အမြတ်ပြန်လည်ရရှိမှုမှာ အများဆုံးဖြစ်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ယန်း ၃.၁၉ ထရီလီယံအထိ စံချိန်တင် များပြားခဲ့ပါသည်။ အဆိုပါ သတင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ အမြတ်ခွဲဝေရရှိမှုနှင့် အတိုး ရရှိမှုများ အပါအဝင် ပင်မဝင်ငွေမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅.၁ ရာခိုင်နှုန်း များပြားခဲ့ပြီး၊ ယန်း ၄.၄၄ ထရီလီယံရှိခဲ့ကြောင်းနှင့် ၁၉၈၅ ခုနှစ်မှစတင်၍ ပြည်ပဝင်ငွေ အများဆုံး ရရှိခဲ့သည့်လ ဖြစ်ခဲ့ကြောင်း  ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၅.၁ ရာခိုင်နှုန်း များပြားခဲ့ကြောင်းနှင့် ၁၈ လဆက်တိုက် များပြားခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ယန်းငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၅၈.၀၆ ယန်း ရှိခဲ့ကြောင်းနှင့် ယခင်နှစ် နှင့် နှိုင်းယှဉ်ပါက ၁၁.၉ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ကြောင်း၊ ထို့အတူ ယူရိုနှင့် နှိုင်းယှဉ်သည့် ယန်းငွေတန်ဖိုးမှာလည်း ၉.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၁ ယူရိုလျှင် ၁၇၁.၀၉ ယန်း ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ သွင်းကုန်မှာ ၁၆.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၉.၉၀ ထရီလီယံယန်း ရှိခဲ့ ကြောင်းနှင့် ပို့ကုန်မှာ ၉.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၉.၄၂ ထရီလီယံယန်း ရှိခဲ့ကာ ကုန်သွယ်မှု လိုငွေ ယန်း ၄၈၂.၇ ဘီလီယံရှိခဲ့ကြောင်း၊ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ရခြင်းမှာ တစ်ပိုင်းလျှပ်ကူး ပစ္စည်းတင်ပို့မှု များပြားခဲ့သော်လည်း ဆေးပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းမှု ပိုမိုများပြားခဲ့ခြင်းကြောင့် ဖြစ်ကြောင်းနှင့် ယခင်နှစ်တွင် ကုန်သွယ်မှုပိုငွေ ယန်း ၁၀၇.၂ ဘီလီယံ ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုး ကျဆင်းလျက်ရှိခြင်းသည် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ဆွဲဆောင်စေလျက် ရှိကြောင်းနှင့် ခရီးသွားပိုလျှံငွေ ၅၅၃.၄ ဘီလီယံယန်း အထိ စံချိန်တင် များပြားခဲ့ကြောင်း၊ ခရီးသွား ပိုလျှံငွေဆိုသည်မှာ ဂျပန်နိုင်ငံသားများ ပြည်ပနိုင်ငံ များသို့ သွားရောက်၍ သုံးစွဲခဲ့မှုပမာဏထက် ပြည်ပနိုင်ငံသားများမှ ဂျပန်နိုင်ငံတွင် သုံးစွဲမှု ပမာဏမှာ ပိုမိုများပြားခဲ့ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် လာရောက်မှုမှာ ၄၁.၉ ရာခိုင်နှုန်း များပြားခဲ့ပြီး၊ ၃.၂၉ သန်း ရှိခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်မှု လိုငွေမှာ ကျဆင်းခဲ့ပြီး ယန်း ၅၃၂.၈ ဘီလီယံ ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Japan Today (၉-၉-၂၀၂၄)  

Category: International News