International News

ဂျပန်နိုင်ငံ၏ အနည်းဆုံးပျမ်းမျှလစာမှာ တစ်နာရီလျှင် ၁၀၅၅ ယန်းသို့ စံချိန်တင် မြင့်တက်ခဲ့

Last Updated:

ဂျပန်နိုင်ငံရှိ ပြည်နယ်များအားလုံး၏ အနည်းဆုံးပျမ်းမျှလစာကို ၅၁ ယန်း (သို့မဟုတ်) ၅.၁ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့ပြီး၊ တစ်နာရီလျှင် အနည်းဆုံးပျမ်းမျှလစာမှာ ၁,၀၅၅ ယန်း ရှိခဲ့ပါသည်။

အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံရှိ ပြည်နယ်များ အားလုံးအနေဖြင့် ပြည်နယ်အလိုက် အနည်းဆုံးလစာများ ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ကုန်စည်ဈေးနှုန်းများ မြင့်တက်လျက် ရှိခြင်းနှင့် လုပ်သားရှားပါးလျက် ရှိခြင်းကြောင့် ဂျပန်နိုင်ငံရှိ ပြည်နယ် ၄၇ ခုအနက် ၂၇ ခုမှာ ဗဟိုအစိုးရက သတ်မှတ်ပေးသည့် အနည်းဆုံးတိုးမြှင့်ပေးရမည့် ၅၁ ယန်း ထက်ပိုမို၍ တိုးမြှင့်ပေး ခဲ့ကြကြောင်း ဖော်ပြထားပါသည်။

အနည်းဆုံးလုပ်ခ လစာကို ဂျပန်နိုင်ငံရှိ ပြည်နယ်များ၏ စီးပွားရေးအခြေအနေပေါ် မူတည်၍ အေ၊ ဘီ၊ စီဟူ၍ အဆင့် ၃ ဆင့်ခွဲ၍ သတ်မှတ်ထားကြောင်း၊ တစ်နာရီအနည်းဆုံး လုပ်ခ လစာ အများဆုံးမှာ တိုကျိုဖြစ်ပြီး၊ ၁,၁၆၃ ယန်း သတ်မှတ်ခဲ့ကြောင်း၊ Akita ပြည်နယ်၏ တစ်နာရီအနည်းဆုံးလုပ်ခလစာမှာ အနည်းဆုံးဖြစ်ပြီး၊ ၉၅၁ ယန်း သတ်မှတ်ခဲ့ကြောင်း၊ အများ ဆုံးနှင့်အနည်းဆုံးလုပ်ခလစာ ကွာခြားချက်မှာ ယခင်က ၂၂၀ ယန်းရှိရာမှာ ယခုအခါ ၂၁၂ ယန်း သို့ အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အနည်းဆုံးလုပ်ခလစာဆိုင်ရာ စည်းမျဉ်းမှာ ၅၀ ယန်းတစ်ပြေးညီတိုးမြှင့်ပေးပြီး၊ တစ်နိုင်ငံလုံး၏ ပျမ်းမျှ အနည်းဆုံးလစာကို ၁၀၅၄ ယန်း သတ်မှတ်ရန် ဖြစ်သော်လည်း အချို့သော ပြည်နယ်များအနေဖြင့် ၅၀ ယန်းထက် ပိုမို၍ တိုးမြှင့်ခဲ့သည့်အတွက် တစ်နိုင်ငံလုံးပျမ်းမျှ အနည်းဆုံးလစာမှာ ၁၀၅၅ ယန်းသို့ မြင့်တက် ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အနည်းဆုံးလစာ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းကြောင့် အနည်းဆုံးလစာကို ယန်း ၁၀၀၀ အထက် သတ်မှတ်ခဲ့သည့် ပြည်နယ်မှာ ၁၆ ခုအထိ များပြားခဲ့ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂ ဆ မြင့်တက်ခဲ့ကြောင်း၊ “အေ” အဆင့် သတ်မှတ်ထားသည့် ပြည်နယ် ၂၀ ခုမှာ ဗဟိုအစိုးရက သတ်မှတ်ပေးသည့် ၅၀ ယန်းသာ တိုးမြှင့်သတ်မှတ်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။

 

Source: The Asahi Shimbun (၃၀-၈-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News