International News

18th Singapore – Vietnam Connectivity Ministerial Meeting (CMM) တွင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေခြင်း

Last Updated:

(၁၈) ကြိမ်မြောက် စင်ကာပူ - ဗီယက်နမ်ဆက်သွယ်ရေးဝန်ကြီးအဆင့်အစည်းအဝေး (18th Singapore – Vietnam Connectivity Ministerial Meeting-CMM) တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုအားကောင်းစေမည့် စွမ်းအင်၊ carbon credits၊ စိုက်ပျိုးရေး ထုတ်ကုန်များကုန်သွယ်ရေး၊ တီထွင်ဆန်းသစ်မှုနှင့် စက်မှုဥယျာဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များနှင့်စပ်လျဉ်း၍ ဦးတည်ချက်များ ချမှတ်ခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

18th Singapore – Vietnam Connectivity Ministerial Meeting (CMM) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Dr. Tan See Leng နှင့် ဗီယက်နမ်နိုင်ငံ၊ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး Nguyen Chi Dung တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့သည့် အစည်းအဝေးပြီးနောက်တွင် နှစ်နိုင်ငံ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နေမှုများ ၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ပါသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးများက Singapore-Vietnam Innovation Talent Exchange Programme နှင့် သတ်မှတ်ချက်များကို ကြေညာခဲ့ပါသည်။ အဆိုပါအစီအစဉ်အရ စင်ကာပူနိုင်ငံမှ အသက် ၃၅ နှစ်အထိ ကျွမ်းကျင်သူ အယောက် ၃၀၀ နှင့် ဗီယက်နမ်နိုင်ငံမှ အသက် ၃၀ နှစ်အထိ ကျွမ်းကျင်သူ အယောက် ၃၀၀ တို့မှာ နှစ်နိုင်ငံရှိ တီထွင်ဆန်းသစ်မှုဆိုင်ရာနယ်ပယ်များတွင် နှစ်စဉ် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်တွင် ပါဝင်ရန် နည်းပညာ၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ ကျွမ်းကျင်မှုဆိုင်ရာဝန်ဆောင်မှု၊ ဘဏ် လုပ်ငန်း၊ ဘဏ္ဍာရေး၊ အဆင့်မြင့်နည်းပညာစသည့် ကုမ္ပဏီ ၁၄ ခုနှင့် စင်ကာပူနိုင်ငံသား ၁၆ ဦး ကြိုတင်စာရင်းသွင်းထားပြီးဖြစ်ပါသည်။ အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် စတင် ဆောင်ရွက်မည်ဟု မျှော်မှန်းထားပါသည်။

18th CMM တွင် Enterprise Singapore နှင့် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ (Foreign Investment Agency – FIA) တို့အကြား FIA တွင် စင်ကာပူယူနစ် (Singapore Unit) တည်ထောင်ရန် နားလည်မှုစာချွန်လွှာကို နှစ်ဖက်ဝန်ကြီးများရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ ပါသည်။ ဝန်ကြီး Dr. Tan See Leng က “နှစ်စဉ်ကျင်းပပြုလုပ်သည့် CMM သည် နှစ်နိုင်ငံအကြား ပွင့်လင်းပြီး ဆက်သွယ်မှုကောင်းမွန်ရေး ဆောင်ရွက်မှုဖြစ်ကြောင်း၊ နှစ်နိုင်ငံစီးပွားရေးအရ ဆက်ဆံမှု၊ နှစ်နိုင်ငံကုမ္ပဏီများအကြား ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများကို မျှဝေနိုင်ခဲ့ ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် စင်ကာပူကုမ္ပဏီများအတွက် ဆွဲဆောင်မှုရှိသည့် ဈေးကွက်တစ်ခု ဖြစ်ကြောင်း၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် ကုမ္ပဏီများနှင့် ပြည်သူလူထုအတွက် ဗီယက်နမ်နိုင်ငံတွင် အခွင့်အလမ်းများ ရရှိစေရေး အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးအရ ခိုင်မာသည့် ဆက်ဆံရေးရှိပြီး ၂၀၂၃ ခုနှစ်တွင် စင်ကာပူနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ပြီး စုစုပေါင်းပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၇၄.၅၁ ဘီလီယံရှိပါသည်။ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် စင်ကာပူနိုင်ငံ၏ ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများအနက် အဆင့် ၁၁ တွင် ရှိပြီး နှစ်နိုင်ငံကုန်စည်ကုန်သွယ်မှု စုစုပေါင်း စင်ကာပူဒေါ်လာ ၂၈.၉ ဘီလီယံရှိခဲ့ပါသည်။

CMM သည် နှစ်နိုင်ငံအကြား အဓိကစီးပွားရေးစင်္ကြံဖြစ်ပြီး စင်ကာပူ - ဗီယက်နမ် ဆက်သွယ်ရေး မူဘောင်သဘောတူစာချုပ် (Singapore-Vietnam Connectivity Framework Agreement – CFA) အရ တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ CFA အရ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား စွမ်းအင်၊ ရေရှည်တည်တံ့ရေး၊ အခြေခံအဆောက်အအုံ၊ ဒီဂျစ်တယ်နှင့် တီထွင်ဆန်းသစ်မှု၊ ဘဏ္ဍာရေး၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ အိုင်စီတီ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။

စင်ကာပူနိုင်ငံသည် အာဆီယံအောက်တွင် နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံခြင်းစီဖြင့်လည်း နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

 

ရင်းမြစ်။        Ministry of Trade and Industry

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News