Local News

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးစည်ဖောင်းခြောက် ပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးစည်ဖောင်းခြောက် ပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ပင်လယ်ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်ဌေးက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇူလိုင်လအတွင်းက ငါးစည်ဖောင်းခြောက် ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လအတွင်း ငါးစည်ဖောင်ခြောက် ပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ငါးစည်ဖောင်းခြောက်တွေက ပင်လယ်ငါးတွေဖြစ်တဲ့ ငါးရွှေ၊ နတ်ကတော်၊ ငါးရောင်၊ ငါးပုတ်သင်စတဲ့ ငါးတွေကို ဝမ်းဗိုက်ခွဲပြီး အတွင်းကရရှိတဲ့ စည်ဖောင်းတွေကို စနစ်ကျသန့်စင်နေပူလှန်း အခြောက်ခံပြီး ရရှိတာပါ။ ဒီဘက်ကနေတင်ပို့ရောင်းချတဲ့ ငါးစည် ဖောင်းခြောက်တွေကို ရန်ကုန်ဈေးကွက်က ဩဂုတ်လ ပထမပတ်ကစပြီး ဝယ်လိုအားကောင်းလာတာကြောင့် တင်ပို့အားတက်ခဲ့တာပါ” ဟု ဒေါ်မြင့်ဌေးက ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးစည်ဖောင်းခြောက် ဈေးနှုန်းအနေဖြင့် ငါးရွှေငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၈၈၀၀၀၊ နတ်ကတော် ငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၉၀၀၀၊ ငါး ရောင်ငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀၀ မှ ၄၅၅၀၀ ၊ ငါးပုတ်သင်ငါး စည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၈၀၀၀ စသဖြင့် စည်ဖောင်းခြောက် အကြီး အသေးအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News