International News

ထိုင်းနိုင်ငံမှ သစ်သီးဝလံတင်သွင်းရန်အတွက် စစ်ဆေးရေးဂိတ်သစ်တစ်ခုကို ယူနန်ပြည်နယ်တွင် ဖွင့်လှစ်ခဲ့

Last Updated:

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နယ်စပ်ရှိ မဲခေါင်မြစ်ပေါ်တွင်တည်ရှိသည့် Guanlei Port ၌ စစ်ဆေးရေးဂိတ်သစ်ဖွင့်ပွဲအခမ်းအနားကို သြဂုတ် (၅)ရက်နေ့က ကျင်းပခဲ့ကြောင်း၊ အ ဆိုပါဆိပ်ကမ်းသည် ယူနန်ပြည်နယ်၌ သစ်သီးတင်သွင်းရန်အတွက် သတ်မှတ်ထားသော (၁၁)ခုမြောက် စစ်ဆေးရေးဂိတ်ဖြစ်လာပြီး အရှေ့တောင်အာရှမှ သစ်သီးတင်ပို့မှုများအတွက် ရေလမ်းသစ်ကိုဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖွင့်ပွဲအခမ်းအနားပြီးနောက် မွန်းလွဲပိုင်းတွင် Xishuangbanna Jinggu Agricultural Development Company မှ ပထမအကြိမ် တင်သွင်းလာသော ဒူးရင်းသီးနှင့် အခြားသစ်သီးဝလံများကို Guanlei ဆိပ်ကမ်း၌ အကောက်ခွန်ရှင်းလင်းရေး အောင်မြင်စွာဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုင်းနိုင်ငံ၊ Chiang Saen ဆိပ်ကမ်းမှ သြဂုတ် (၃) ရက်နေ့တွင် မြစ်ကြောင်းဖြင့်တင်ပို့သည့် သစ်သီးများသည် Guanlei Port သို့ နှစ်ရက်အတွင်းရောက်ရှိခဲ့ကြောင်း၊ ထိုလမ်း ကြောင်းသစ်သည် ထိုင်းနိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများမှ သစ်သီးတင်သွင်းမှုများအတွက် အချိန်နှင့်ကုန်စရိတ်များကို သိသိသာသာလျှော့ချရန်ရည်ရွယ်ပြီး တင်သွင်းလာသောသစ်သီးဝလံများသည် တရုတ်ဈေးကွက်သို့ အချိန်တိုအတွင်း ဈေးနှုန်းသက်သာစွာဖြင့် ရောက်ရှိနိုင်မည်ဖြစ် ကြောင်း သိရှိရပါသည်။

ဆိပ်ကမ်း၌ ကုန်ပစ္စည်းစစ်ဆေးခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်း (သို့မဟုတ်) အခြားလိုအပ်သည့်လုပ်ငန်းစဉ်တစ်ခုကို စောင့်ဆိုင်းနေချိန်တွင် တင်သွင်းလာသော သစ်သီးဝလံများကို ယာ ယီသိမ်းဆည်းနိုင်သည့် အအေးခန်းများပါဝင်ကြောင်း၊ ပြင်ပဧရိယာတွင် အအေးခန်း သိုလှောင်ရုံများနှင့် ပေ (၂၀) နှင့် ပေ (၄၀) အအေးခန်းကွန်တိန်နာများထားရှိနိုင်သော အားသွင်းရုံ (၂၅)ခု တပ်ဆင်ထားကြောင်း၊ ထို့အပြင် အဆိုပါနေရာသည် တန်(၅၀၀)ဆံ့ ကုန်တင်သင်္ဘောများဆိုက် ကပ်နိုင်ရန် လိုအပ်သည့်အထောက်အကူပြုပစ္စည်းများလည်းပါဝင်ကြောင်း သိရှိရပါသည်။

ကုမ္ပဏီများသည် မကြာသေးမီက ဒူးရင်းသီး၊ သရက်သီး၊ ဖရဲသီးနှင့် ငှက်ပျောသီးစသည့် သစ်သီး တန်ချိန်(၂၀,၀၀၀)ခန့်အတွက် အကောက်ခွန်အာဏာပိုင်များထံလျှောက်လွှာများ တင်သွင်းခဲ့ကြကြောင်း၊ Guanlei ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းသည့် သစ်သီးဝလံပမာဏသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် (၁၅၀,၀၀၀)အထိ ရောက်ရှိမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် (၃၀၀,၀၀၀)အထိ မြင့်တက်လာမည်ဟု သက်ဆိုင်ရာဌာနများက ခန့်မှန်းထားကြောင်း သိရှိရ ပါသည်။

Source: https://www.producereport.com/article/new-river-checkpoint-thai-fruit-imports-opens-yunnan

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News