International News

လာမည့်နှစ်တွင် ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန် ခန့်မှန်းထားချက်ဖြစ်သည့် တန်ချိန် ၈ သန်းကို လွဲချော်နိုင်

Last Updated:

ဘတ်ငွေခိုင်မာနေခြင်းနှင့် နှစ်ကုန်ပိုင်းတွင် အိန္ဒိယ၏ ဆန်ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်များကို ပယ်ဖျက်နိုင်ခြင်း စသည့် ယှဉ်ပြိုင်မှုကို ဟန့်ထားနိုင်သော အချက်များကြောင့် လာမည့်နှစ်တွင် ထိုင်း နိုင်ငံ၏ ဆန်ပို့ကုန်သည် တန်ချိန် ၈ သန်းအောက် လျော့နည်းနိုင်ကြောင်း Thai Rice Exporters Association ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က ပြောကြားခဲ့ပါသည်။

နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ရေကြီးမှု ရှိနေသော်လည်း ယခုနှစ် ဆန်ပို့ကုန် အပေါ် သက်ရောက်မှုမရှိပါကြောင်း၊ ထိုင်းနိုင်ငံ၏ နှစ်စဉ် ဆန်ပို့ကုန်မှန်းထားချက် တန်ချိန် ၈.၂ သန်းထက်ပင် ယခုနှစ် ပို့ကုန်သည် ကျော်လွန်နိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ကျန်လများ၌ ၁ လလျှင် ပျမ်းမျှ တန်ချိန် ၆၀၀,၀၀၀ တင်ပို့ပါက တန်ချိန် ၉ သန်းထိပင် ရောက်နိုင်ပါကြောင်း၊ အင်ဒိုနီး ရှား ဆန်တင်သွင်းသည့် အေဂျင်စီ Bulog က လစဉ် ဆန်တင်သွင်းမှုကို တန်ချိန် ၄၅၀,၀၀၀ အတွက် တင်ဒါရရှိထားပါကြောင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့၏ ဆန်တင်ဒါဈေးနှုန်းသည် ထိုင်း ထက်လျော့နည်းသဖြင့် ထိုင်းနိုင်ငံအနေဖြင့် မှန်းထားသည့် တင်ဒါ ဈေးနှုန်းမရရှိခဲ့ဘဲ ပြိုင်ဘက်နိုင်ငံ များထံ အမှာစာများ ပိုမိုသွားစေပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် မိုးရေချိန်ရရှိသဖြင့် ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာတို့၏ ဆန်ထုတ်လုပ်မှု မြင့်တက်လာသဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဆန်များပြားနေပါကြောင်း၊ ထို့ပြင် အိန္ဒိယကလည်း ယခုနှစ် စတုတ္ထ ၃ လပတ်တွင် ဆန်ဖြူ ပြန်လည်တင်ပို့ခွင့်ပြုသွားရန် အချက်ပြ နေပါကြောင်း၊ ဈေးကွက်မျှဝေမှုအတွက် ယှဉ်ပြိုင်ရသလို ကမ္ဘာ့ဆန်ဈေးလည်း ကျဆင်းနိုင်သဖြင့် ထိုင်းပြည်တွင်းဆန်ဈေးလည်း ကျဆင်းနိုင်ကြောင်း အသင်း၏ ပြောကြားချက်အရ သိရှိရပါသည်။

အမေရိကန် စိုက်ပျိုးရေး ဦးစီးဌာနက ၂၀၂၅ ခုနှစ်တွင် အိန္ဒိယသည် ဆန်တင်ပို့မှု တန်ချိန် ၂၀ သန်းထိရောက်ရှိနိုင်သဖြင့် ကမ္ဘာ့ဆန်အများဆုံး တင်ပို့သူအဖြစ် ရပ်တည်နိုင်သေးပြီး ထိုင်းသည် တန် ချိန် ၇.၅ သန်း၊ ဗီယက်နမ်သည် တန်ချိန် ၇.၅ သန်းနှင့် ပါကစ္စတန်သည် တန်ချိန် ၅.၆ သန်း အသီးသီး ဖြစ်နိုင်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အိန္ဒိယက ဆန်ပို့ကုန်ဆိုင်ရာ ပြန်လည်ပြင်ဆင်ချက်ဖြင့် ထိပ်ဆုံး နေရာသို့ ရောက်ရှိနိုင်သလို ဘတ်ငွေခိုင်မာမှုသည် ထိုင်းဆန်ပို့ကုန်ကို တန်ချိန် ၇ သန်းမှ ၇.၅ သန်းထိ ကျဆင်းစေနိုင်ကြောင်း အသင်းက သတိပေးပြောကြားထားပါသည်။

ပြည်တွင်းဆန်ဈေးကွက်ကို မြှင့်တင်ရန်နှင့် ဆန်နှင့် ဆန်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ထိုင်းနိုင်ငံ၏ မူဝါဒများအပေါ် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများ၏ ယုံ ကြည်မှုတိုးမြှင့်စေရန် ရည်ရွယ်၍ “Thai Rice Networking Forum 2024” ကို ကျင်းပခဲ့ပါကြောင်း၊ ထိုင်းဆန်ပို့ကုန်သည် ကောင်းသည့် လက္ခဏာပြသနေပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၇ လအတွင်း ထိုင်းနိုင်ငံသည် ဆန် တန် ချိန် ၅.၆၈ သန်း တင်ပို့ခဲ့ပြီးဖြစ်သဖြင့် ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ရာ ဝင်ငွေသည်လည်း ဘတ် ၁၃၂ ဘီလီယံရရှိခဲ့ပါကြောင်း၊ ယင်းတိုးတက်ခဲ့မှုသည် ဆန်တင်သွင်းသူများက စားသုံးမှုနှင့် ရိက္ခာ ဖူလုံမှုရှာဖွေကြခြင်းနှင့် အိန္ဒိယ၏ ပို့ကုန်ကန့်သတ်ချက်ရှိနေဆဲဖြစ်သောကြောင့် ဖြစ်ကြောင်း သိရှိရပါ သည်။

 

Source: www.bangkokpost.com 

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News