International News

၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ထိုင်းနိုင်ငံ၏ ပြည်သူကြွေးမြီသည် GDP ၏ ၆၆ ရာခိုင်နှုန်း၌ ရှိနိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ခန့်မှန်းပြောကြားခဲ့

Last Updated:

၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ထိုင်းနိုင်ငံ၏ ပြည်သူ့ကြွေးမြီသည် GDP ၏ ၆၆ ရာခိုင်နှုန်းတွင် ရှိ နိုင်ပြီး ဘဏ္ဍာရေး စဉ်ဆက်မပြတ်ရှိမှု သတ်မှတ်ချက် ၇၀ ရာခိုင်နှုန်းအောက် လျော့နည်းကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ယင်းနှုန်းသည် စတင်ကျဆင်းနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ဝန်ကြီးဌာန၏ ခန့်မှန်းထားချက်အား ပြောကြားခဲ့ပါသည်။

ပြည်သူ့ကြွေးမြီအဆင့်သည် အစိုးရ၏ ဘဏ္ဍာရေးမူဘောင်အတွင်း ရှိနေသေးပါကြောင်း၊ ၂၀၂၅-၂၀၂၇ ကာလလတ် ဘဏ္ဍာရေးအစီအစဉ်အရ ပြည်သူ့ကြွေးမြီကို ၂၀၂၆ ခုနှစ်တွင် တည်ငြိမ်ရန်နှင့် ၂၀၂၇ ခုနှစ်တွင် စတင်ကျဆင်းရန် ခန့်မှန်းထားပြီး စီးပွားရေး အဆက်မပြတ်တိုးတက်ရန်ဖြစ်ကြောင်း၊ လာမည့်နှစ် GDP အမှန်မှာ ငွေကြေးဖောင်းပွမှုပါဝင်တွက်ချက်အပြီး ၃ ရာခိုင်နှုန်းဖြစ်ပြီး ခန့်မှန်း GDP သည် ၅ ရာခိုင်နှုန်းသို့ နီးကပ်နိုင်ကြောင်း၊ ၂၀၂၄ ဘဏ္ဍာရေးနှစ်အဆုံးပိုင်းတွင် ပြည်သူ့ကြွေးမြီသည် GDP ၏ ၆၅ ရာခိုင်နှုန်း ခန့်မှန်းထားပါကြောင်း၊ ၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု အစီအစဉ်နှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် ဘတ် ၁.၀၆ ထရီလီယံကို ချေးငှားမှု အသစ်နေဖြင့် လည်း ကောင်း၊ ဘတ် ၁.၅၃ ထရီလီယံကို ကြွေးမြီသယ်ဆောင်မှုအနေဖြင့် လည်းကောင်း စုစုပေါင်း ဘတ် ၂.၅၉ ထရီလီယံ ချေးငှားရန် လိုအပ်ပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အစိုးရ၏ လိုငွေ ဘတ် ၈၆၅ ဘီလီယံကို ကာမိစေရန်မှာ အသစ်ချေးငှားမှု၏ သိသာသော အပိုင်း ဖြစ်ပါကြောင်း၊ လာမည့်နှစ်တွင် ပြည်သူ့ကြွေးမြီကျဆင်းရခြင်းမှာ ကမ္ဘာနှင့်အဝှမ်း အတိုးနှုန်းကျဆင်း ခြင်းကြောင့်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် နိုင်ငံခြားငွေကြေးချေးငွေအလွန်နည်းပါးသဖြင့် ငွေလဲနှုန်း နှင့်စပ်လျဉ်းသည့် ပြဿနာမှာ နည်းပါကြောင်း၊ အတိုးနှုန်းမူဝါဒနှင့်စပ်လျဉ်း၍ နိုင်ငံသည် အဓိက စီးပွားရေးနိုင်ငံများ၏ အတိုးနှုန်းမူဝါဒနှင့် ချိန်ညှိထားပါကြောင်း၊ ကမ္ဘာ့အတိုးနှုန်း တက်ခြင်း သို့မဟုတ် ကျခြင်းသည် အရင်းအနှီး စီးဝင်/စီးထွက်မှုတွင် သက်ရောက်ပါကြောင်း၊ ငွေကြေးမူဝါဒ ကော်မတီအနေ ဖြင့် မူဝါဒအတိုးနှုန်းကို ငွေကြေးဖောင်းပွမှုစသော အချက်များပေါ်မူတည်၍ လျှော့ချပါကြောင်း ဖြည့် စွက်ပြောကြားခဲ့သည်။

နိုင်ငံခြားဈေးကွက်များတွင် ငွေချေးစာချုပ်များ ထုတ်ပေးမှုနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားချေးငွေရှာဖွေနေသော ပုဂ္ဂလိက ကဏ္ဍအတွက် စံနှုန်းသတ်မှတ်ရန် ရည်ရွယ်ထားပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းအစိုးရ ငွေချေးစာချုပ်များကို ဝယ်လိုအားရှိနေဆဲဖြစ်ပါကြောင်း၊ နိုင်ငံခြားငွေကြေး ငွေချေးစာချုပ်များထုတ်ပေးရန်အတွက် အစောဆုံးအချိန်မှာ လာမည့်နှစ် ပထမ ၃ လပတ်တွင် ဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်နှင့် ပုံမှန်တွေ့ဆုံဆွေးနွေးလျက်ရှိပြီး စီးပွားရေးအခြေအနေနှင့် အရင်းအနှီးဈေးကွက်များသည် တိုးတက်နေသောကြောင့် စီးပွားရေး ပြန်လည်ကောင်းမွန်မှုကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအချိန်အဖြစ် အသုံးချသွားမည်ဖြစ်ကြောင်း ဝန်ကြီး H.E Mr. Pichai က သုံးသပ်ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News