Local News

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေကြည်မြို့နယ်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအောင်က ပြောပြ၍ သိရသည်။ ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လအတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသထွက်ပဲတီစိမ်းများကို ရေကြည်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ “ရေကြည်မြို့နယ်ကနေ ရန်ကုန်မြို့ကို ဩဂုတ်လထဲမှာ ပဲတီစိမ်း ၁၆ ပြည်ဝင်အိတ်ရေ အများအပြားတင်ပို့ရောင်းချခဲ့ရပါတယ်။ စက်တင်ဘာလထဲမှာလဲ ဒေသထွက် ပဲတီစိမ်းတွေအပါအဝင် ပဲမျိုးစုံကို ရန်ကုန်ဘက်ကအဝယ်လိုက်နေပါတယ်။ ဒေသထွက်ပဲတွေကို ပွဲရုံပိုင်ရှင်တွေက ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချတာများပါတယ်။ ပဲတီစိမ်းတွေ ဝယ်ယူအားကောင်းလာတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်း လာပါတယ်” ဟု ရေကြည်မြို့နယ်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအောင်က ပြောပြသည်။

ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပဲတီစိမ်း ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ ထိဈေးပေါက်နေကြောင်း၊ အဆိုပါ ပဲတီစိမ်းများ ဈေးကောင်းရရှိခြင်းနှင့် ဝယ်လိုအား ကောင်းလာခြင်းတို့ကြောင့် တောင်သူများ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News