International News

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပို့ကုန်တန်ဖိုးသည် ၁၀ ရာခိုင်နှုန်း တိုးတက်မှုရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထား

Last Updated:

ယခုနှစ်အတွင်း ကမ္ဘာ့ဈေးကွက်တွင် ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ အတွက် ဝယ်လိုအား မြင့်တက်လာလျက်ရှိခြင်း၊ ခရီးသွားကဏ္ဍပြန်လည်ကောင်းမွန်လာခြင်းနှင့် ဈေး ကွက်သစ်များ ချဲ့ထွင်နိုင်ခဲ့ခြင်းတို့ကြောင့် ပို့ကုန်တန်ဖိုးသည် ၁၀ ရာခိုင်နှုန်း တိုးတက်မှုရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

နိုင်ငံ၏ စီးပွားရေးကို မောင်းနှင်ရာတွင် ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍဖြစ်ကြောင်း၊ စိန်ခေါ်မှုများစွာကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းနေခဲ့သော် လည်း ၂၀၂၃ ခုနှစ်အတွင်း ယင်းကဏ္ဍမှ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံ ရရှိခဲ့ပြီး ၉.၆၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍသည် ထိုင်းနိုင်ငံ၏ ထိပ်တန်းပို့ကုန်အမယ် ၁၀ မျိုးထဲတွင်ပါဝင်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်အတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ ရရှိထားပြီး ယခင်နှစ်ကာလတူပမာဏနှင့်နှိုင်းယှဉ်ပါက ၈.၄၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် Mr. Phusit Ratanakul က ပြောကြားခဲ့ပါသည်။

ထို့ပြင် ကျောက်မျက်နှင့်လက်ဝတ်ရတနာကဏ္ဍသည် ထောက်ပံ့မှုကွင်းဆက်တစ်လျှောက်ရှိတစ်ဦးလုပ်ငန်းဆောင်ရွက်သူ ၈၀၀,၀၀၀ ဦးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းပါဝင်သော လုပ်ငန်း ၁၂,၀၀၀ ကို ချိတ်ဆက်ပေးနိုင်ခဲ့ကြောင်း၊ စက်တင်ဘာလတွင် ၇၀ ကြိမ် မြောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကို DITP နှင့် GIT တို့ ပူးပေါင်း၍ ကျင်းပသွားရန် ရှိကြောင်း၊ ဗန်ကောက်ကျောက်မျက်ရတနာပြပွဲသည် ထိုင်းနိုင်ငံတွင် အကြီးဆုံး ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲဖြစ်ပြီး အာရှတွင် ရှေးအကျဆုံးနှင့် ကမ္ဘာ့ အဆင့် ၄ ရှိပါကြောင်း၊ ယင်းပြပွဲသည် ကမ္ဘာအနှံ့ရှိ ဝယ်ယူသူများကို ဖိတ်ခေါ်ပေးပြီး လုပ်ငန်းချိတ်ဆက်မှုများအတွက် အရေးပါသော ပွဲဖြစ်ပါ ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ပြပွဲသည် ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍကို အားဖြည့်ပေးသည့် အရေးပါသော နည်းလမ်းဖြစ်ပြီး နိုင်ငံကိုကမ္ဘာ့ထိပ်တန်းကျောက်မျက်နှင့် လက်ဝတ်ရတနာများ ဦးတည်ရာ ဖြစ်သော ရပ်တည်ချက်ကို မီးမောင်းထိုးပြပါကြောင်း၊ ၇၀ ကြိမ်မြောက် ဗန်ကောက် ကျောက်မျက်ရတနာပြပွဲသို့ ကမ္ဘာ့အနှံ့မှ ဝယ်ယူသူများစွာလာရောက်မည်ဟု ခန့်မှန်းထားပြီး ကုန်သွယ် မှုတန်ဖိုး အနည်းဆုံး ဘတ် ၃.၅ ဘီလီယံ ရရှိရန် မျှော်မှန်းထားပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးကို  ၂.၆  ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟု ခန့်မှန်းထားချက်၊ နိုင်ငံ၏ အဓိက ကုန် သွယ်ရေးမိတ်ဖက်နိုင်ငံများ၏ ဝယ်ယူမှု ပြန်လည်ကောင်းမွန်လာမှု၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့တွင် ငွေကြေးဖောင်းပွမှုနည်းပါးနေခြင်းနှင့် ခရီးသွားကဏ္ဍပြန်လည်ကောင်းမွန်လာမှုတို့ကြောင့် ကျောက်မျက်နှင့် လက်ဝတ်ရတနာပို့ကုန်သည် တိုးတက်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပို့ကုန်များ ကမ္ဘာ့ဈေးကွက်ဝင်ရောက်ရာတွင် သက်ရောက်မှုရှိလာနိုင်သော ပထဝီနိုင်ငံရေး ပဋိပက္ခ နှင့် အကာ အကွယ်အစီအမံများကို စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ပို့ကုန်အတွက် စဉ်းစားရာတွင် ဝယ်ယူသူ ၏အတွေ့အကြုံမြှင့်တင်ပေးနိုင်မှုကို ဦးတည်၍ အွန်လိုင်းနှင့် အော့ဖ်လိုင်း ရောင်းချသည့် လမ်း ကြောင်းများ ပေါင်းစပ်ရန်မှာ အဓိက ဖြစ်ကြောင်း GIT ညွှန်ကြားရေးမှူးချုပ် Mr. Sumed Prasongpo-ngchai က သုံးသပ်ပြောကြားခဲ့သည်။

ဒေသတွင်းစီးပွားရေးသည် ကြံ့ခိုင်မှုကို ပြသနေချိန်တွင် အစားအစာ၊ စွမ်းအင်၊ အိမ်ရာနှင့် အခြားသောမရှိမဖြစ်လိုအပ်သော ပစ္စည်းများ၏ ဈေးနှုန်းမြင့်တက်နေမှုကြောင့် အာရှ-ပစိဖိတ်ရှိ ဝယ်ယူသူအများစု၏ဇိမ်ခံပစ္စည်းဝယ်ယူမှုကို အားမပေးတော့ဘဲ အမှန်တကယ်လိုအပ်ချက်များကိုသာ ဝယ်ယူမှုကို ဖြစ်စေမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးကောင်းမွန်သော လက် ဝတ်ရတနာများကို သင့်တင့်သော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး စဉ်းစားရန်နှင့် ကုန်ပစ္စည်း ပုံစံမျိုးစုံ ပြသနိုင်ရန် ဖန်တီးသင့်ပါကြောင်း၊ သုံးစွဲသူများသည် ကျယ်ကျယ်ပြန့်ပြန့် နားလည်လာကြသဖြင့် သုံးစွဲ သူများ၏ အမူအကျင့်ကို ပြောင်းလဲရန် လူမှုကွန်ယက်တွင် လွှမ်းမိုးနိုင်သူများကို အသုံးပြုသင့်ကြောင်း Mr. Sumed က  အကြံပြုထားပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News