International News

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ Road show တွင် တောင်ကိုရီးယားကော်ပိုရေးရှင်းများကို ဆွဲဆောင်နိုင်ခဲ့

Last Updated:

ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ကာကွယ်ရေးထုတ်လုပ်သူ SK Bioscience အပါအဝင် တောင်ကိုရီးယား ကုမ္ပဏီများကို ထိုင်းနိုင်ငံတွင် ၎င်းတို့၏ လုပ်ငန်းများ တိုးချဲ့နိုင်ရေးအတွက် ဆိုးလ် တွင် ကျင်းပခဲ့သော Roadshow ၌ အားပေးဆွဲဆောင်ခဲ့ကြောင်း သိရှိရပါသည်။

ယခုလအစောပိုင်းတွင် ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဘတ် ၁ ဘီလီယံဖြင့် လျှပ်စစ်မော် တော်ကား လုပ်ငန်းကို တိုးချဲ့ရန် ပြင်ဆင်နေသော တောင်ကိုရီးယား Hyundai Motor Group ၏ လက်ခွဲဖြစ်သည် Hyundai Mobility Thailand ကို ရင်းနှီးမြှုပ်နှံမှု မက်လုံးများအတွက် ထောက်ခံ ပေးခဲ့ကြောင်း၊ Hyundai သည် ၂၀၂၆ ခုနှစ်၌ ထိုင်းနိုင်ငံတွင် ဘတ္တရီလျှပ်စစ်မော်တော်ကားနှင့် ဘတ္တရီ များကို ထုတ်လုပ်ရန် ရည်ရွယ်ထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့သည် တောင်ကိုရီးယား ရင်းနှီး မြှုပ်နှံသူများကို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် သိမ်းသွင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသေးစိတ်များ ကို ဆွေးနွေးခဲ့ပါကြောင်း၊ Hyundai Motor Group၊ Korean Land and Housing၊ SK Bioscience နှင့် CJ BIO တို့မှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း ဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. Narit Therd-steerasukdi က ပြောကြားခဲ့ပါသည်။

SK Bioscience က Government Pharmaceutical Organization နှင့် National Vaccine Institute တို့နှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံတွင် ကာကွယ်ဆေးထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံရန် စီစဉ် ထားပါကြောင်း၊ အဆိုပါ စီမံချက်သည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လုံခြုံမှုကို တိုးမြှင့်စေပြီး ကာကွယ်ဆေးပို့ကုန်အခြေစိုက်အဖြစ် နိုင်ငံအတွက် လမ်းကြောင်းဖော်ဆောင် ပေးပါကြောင်း၊ Korean Land and Housing က တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များအတွက် အနာဂတ် ရင်းနှီးမြှုပ်နှံ မှုကို အထောက်အကူပြုရန် စက်မှုဇုန်တည်ထောင် လိုပြီး ကုန်းမြေချိတ်ဆက်စီမံကိန်းအတွက်လည်း စိတ်ဝင်စားမှု ပြသခဲ့ပါကြောင်း၊ အစားအစာနှင့် အစားအစာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် နေသော CJ Group ၏ လက်ခွဲဖြစ်သော CJ BIO က ထိုင်းအသားထုတ်လုပ်သည့် စက်မှုနယ်ပယ်ကို အထောက်အကူပြုရန် တိရစ္ဆာန်အစာ ဖော်မြူလာများ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တိုးတက်စေရန် ထိုင်းအစိုးရကို ကူညီရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

၂ ရက်ကြာကျင်းပခဲ့သော Roadshow တွင် ဘုတ်အဖွဲ့သည် မော်တော်ကား၊ လျှပ်စစ်၊ ဆေး ဘက်ဆိုင်ရာ၊ ဇီဝနည်းပညာနှင့် သန့်ရှင်းသော စွမ်းအင်ကဏ္ဍတို့မှ ကုမ္ပဏီကိုယ်စားလှယ် ၁၆၀ ကျော် ပါဝင်တက်ရောက်ခဲ့သော ထိုင်း-ကိုရီးယား ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တောင်ကိုရီးယား ကုမ္ပဏီများက တန်ဖိုး ဘတ် ၆၂.၇ ဘီလီယံရှိသော ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ ၁၄၈ စောင် လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News