International News

အိန္ဒိယနိုင်ငံ၌ သကြားတင်ပို့မှုကို ကန့်သတ်ကုန်စည်အဖြစ် ဆက်လက်ထားရှိမည်

Last Updated:

အိန္ဒိယပြည်ပကုန်သွယ်မှုဦးစီးဌာန (DGFT) သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက  ရှိနေခဲ့ပြီးသော ကန့်သတ်ချက်များကို ဆက်လက်ထားရှိမည့် သကြားတင်ပို့မှု မူဝါဒများအား အောက်တိုဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ မူဝါဒအရ အစိုးရ၏ ကြိုတင်ခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ပြုမည်ဖြစ်သော်လည်း စားနပ်ရိက္ခာဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ညှိနှိုင်းမှုအရ တင်ပို့မည့်ပမာဏမှလွဲ၍ အခြားတင်ပို့မှုများကို ခွင့်ပြုချက် ထုတ်ပေးမည်မဟုတ်ကြောင်းဖြင့် သိရပါသည်။

သကြားကြမ်း၊ သကြားဖြူ၊ သန့်စင်ပြီးသကြားနှင့် အော်ဂဲနစ်သကြားများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များမှာ နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသရွေ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ အလွန်တွင်လည်း ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အခြားသော အခြေအနေများမှာ ပြောင်းလဲမှုမရှိကြောင်းဖြင့် DGFT က ပြောကြားခဲ့သည်။ အမိန့်ကြော်ငြာစာပါ ပို့ကုန်ကန့်သတ်ချက်များသည် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်နှုန်းခွဲတမ်းထားများ လျှော့ချလျက် တင်ပို့လျက်ရှိသည့် အမေရိကန်နှင့် ဥရောပသမဂ္ဂသို့ တင်ပို့မည့် သကြားများနှင့် အကျုံးမဝင်ကြောင်းဖြင့် ရှင်းလင်းဖော်ပြထားသည်။

ပြည်တွင်းသကြားဈေးကွက်အတွင်း ရောင်းလိုအားအခြေအနေများ ကျပ်တည်းလာမည်ကို စိုးရိမ်၍ စားနပ်ရိက္ခာဝန်ကြီးဌာနအနေဖြင့် လက်ရှိ အောက်တိုဘာလမှ စက်တင်ဘာလအထိ သကြားတင်ပို့မှုရာသီအတွက် သကြားတင်ပို့မှု မည်သည့်ခွဲတမ်းကိုမဆို ခွင့်ပြုမည့်အလားအလာ မရှိကြောင်း၊ နှစ်စဉ် ခန့်မှန်းဝယ်လိုအား မက်ထရစ်တန်ချိန်မှာ ၂၇.၅ သန်းမှ ၂၈ သန်းထက် ပို၍ များပြားနေသော်လည်း ထုတ်လုပ်မှုတွင် ခန့်မှန်းထားသည့်အတိုင်း ကျဆင်းမှုများရှိခဲ့ကြောင်းဖြင့် သိရပါသည်။

သတင်းအရင်းအမြစ်တစ်ခုအရ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့အတွက် ပြည်တွင်း ဝယ်လိုအားမှာ အရန်သကြားအနေဖြင့် တန်ချိန် ၆ သန်းသည် လုံလောက်ရုံမျှသာရှိသဖြင့် လာ မည့်နှစ် ကြံသီးနှံအပေါ် အယ်လ်နီညို၏ ခြိမ်းခြောက်မှုများကြောင့် အစိုးရအနေဖြင့် ၂၀၂၄-၂၀၂၅ ရာသီအတွက် ပြည်တွင်း၌ အများအပြား သိုလှောင်နိုင်ချေရှိကြောင်း၊ ထို့အပြင် အစိုးရအနေဖြင့် ၂၀၂၃-၂၀၂၄ အီသနောရာသီအတွက် ရောစပ်ပမာဏကို ၁၅ ရာခိုင်နှုန်းသတ်မှတ်ခဲ့သဖြင့် ကြံသီးနှံ လိုအပ်ချက်မှာ များပြားလိမ့်မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ၏ ရောစပ်ပမာဏ ၁၂ ရာခိုင်နှုန်းထက် များပြားခဲ့ကြောင်းဖြင့် သိရသည်။

အိန္ဒိယသကြားစက်ရုံများအသင်းက ၂၀၂၂-၂၀၂၃ သကြားထုတ်လုပ်မှုရာသီတွင် သကြား မက်ထရစ်တန် ၃၂.၈ သန်း ထုတ်လုပ်ခဲ့သော်လည်း ယခုနှစ်တွင် အီသနောအဖြစ် ပြောင်းလဲပြီးနောက် သကြားထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၃၁.၆၈ သန်းသို့ ကျဆင်းဖွယ်ရှိကြောင်း သြဂုတ်လ ၂ ရက်နေ့၌ ခန့်မှန်းချက် ထုတ်ပြန်ထားခဲ့သည်။

Source: The Hindu Business Line, 18 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14468

Category: International News