International News

ဝယ်လိုအားခိုင်မာခြင်းကြောင့် မလေးရှား စားအုန်းဆီကြမ်း ဈေးနှုန်းများ မြင့်တက်

Last Updated:

တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်တက်ခြင်း၊ ပြည်ပသို့တင်ပို့မှုပမာဏ တိုးတက်လာခြင်းနှင့် ချီကာဂိုဈေးကွက်၌ ပဲပုတ်ဆီဈေးနှုန်းများ အားကောင်းခိုင်မာမှုရှိခြင်းတို့ကြောင့် မလေးရှားနိုင်ငံ ဘာဆာဆင့်ပွားစတော့ဈေးကွက် (Bursa Malaysia Derivatives Exchange) တွင် ဇန်နဝါရီလ အတွက် သင်္ဘောတင်ပို့မည့် စားအုန်းဆီကြမ်းများ၏ ဈေးနှုန်းသည် ၁၈-၁၀-၂၀၂၃ နေ့၌ မက်ထရစ် ၁ တန်လျှင် ရင်းဂစ်ငွေ ၃၈၁၀ နှုန်း (၈၀၃.၄၆ ဒေါ်လာ) သို့ ရောက်ရှိလျက် ယခင်နေ့ထက် ၀.၆၉% မြင့်တက်လာခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း မလေးရှားနိုင်ငံ၏ စားအုန်း ဆီ တင်ပို့မှုသည် ယခင်လကာလတူထက် ၅.၆% တိုးတက်ခဲ့သည်ဟု AmSpec Agri Malaysia ကုန်ပစ္စည်းစစ်ဆေးရေး ကုမ္ပဏီက ၁၅-၁၀-၂၀၂၃ နေ့တွင် ပြောဆိုခဲ့သည်။ အခြား ကုန်ပစ္စည်း စစ်ဆေးရေးလုပ်ငန်းတစ်ခုဖြစ်သော Intertek Testing Services ကလည်း မလေးရှား၏ စားအုန်း ဆီတင်ပို့မှုမှာ ၇.၇% အထိ တိုးတက်လာကြောင်း ပြောကြားထားခဲ့သည်။ နယူးဒေလီမြို့ အခြေ စိုက် ကုန်သည်တစ်ဦးက ပြည်ပဈေးကွက်၌ စားအုန်းဆီအပေါ်ဝယ်လိုအားသည် လာမည့်ရက် သတ္တပတ် အနည်းငယ်ကြာအချိန်အထိ အားကောင်းနေဦးမည်ဟု ပြောဆိုပါသည်။

မလေးရှားစားအုန်းဆီဘုတ်အဖွဲ့မှ ၁၇-၁၀-၂၀၂၃ နေ့ သတင်းထုတ်ပြန်ချက်အရ မလေးရှား နိုင်ငံအနေဖြင့် နိုဝင်ဘာလတွင် စားအုန်းဆီတင်ပို့မှုများအတွက် ပို့ကုန်အခွန်ကို ပြောင်းလဲမှုမရှိပဲ ၈% ဆက်လက်ထားရှိပြီး ၎င်း၏ရည်ညွှန်းဈေးနှုန်းကို လျော့ချခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်တွင် ဝေစုရယူမှုကို ယှဉ်ပြိုင်လျက်ရှိသည့်အတွက် ဆက်စပ်နေသည့် အခြားစားသုံးဆီများ၏ ဈေးနှုန်းများက စားအုန်းဆီဈေးနှုန်းအပေါ် သက်ရောက် မှုရှိကြောင်း၊ မလေးရှားနိုင်ငံရှိ တောင်ပိုင်းကျွန်းဆွယ်ဒေသ စားအုန်းဆီကြိတ်ခွဲထုတ်လုပ်သူများ အသင်း၏ အချက်အလက်များအရ လအလိုက်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ပထမ လဝက်အတွင်း စားအုန်းဆီ ထုတ်လုပ်မှု ၀.၇၃% ကျဆင်းခဲ့ခြင်းကလည်း ဈေးနှုန်းခိုင်မာမှုကို ထောက်ပံ့ပေးခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးတင်းမာမှုနှင့်အတူ ‌ရေနံစိမ်းဈေးနှုန်း များ မြင့်တက်လာခြင်းကလည်း စားအုန်းဆီကို ဇီဝလောင်စာဆီအဖြစ် အသုံးပြုရန် အခွင့်အလမ်း များပြားလာစေခဲ့ကြောင်း Hellenic Shipping News သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

၁၈-၁၀-၂၀၂၃ နေ့၌ ချီကာဂို ကုန်သွယ်ရေးဘုတ်တွင် ပဲပုတ်ဆီ ဈေးနှုန်းများသည် ၀.၄% မြင့်တက်ခဲ့ပြီး ရေနံစိမ်းဈေးနှုန်းများသည်လည်း ၂% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

Source: Hellenic Shipping News, 19 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14470

Category: International News