International News

ဗီယက်နမ်နိုင်ငံသည် Polyester ချည် တင်သွင်းမှုအပေါ် Anti-dumping duty စည်းကြပ်

Last Updated:
ဗီယက်နမ်နိုင်ငံ  စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုကုစားရေး အာဏာပိုင် အဖွဲ့၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှား နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ polyester ချည်များ စုပြုံတင်သွင်းမှုအပေါ် တန်ပြန်အခွန် ( Anti-dumping duty ) စည်းကြပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ပြည်တွင်းထုတ်လုပ်သူများအား တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုမှကာကွယ်ရန် ရည်ရွယ်ချက်ဖြင့်ချမှတ်ခဲ့သည့် အမိန့်အမှတ် 2302/QDpoy-BCT ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ဝန်ကြီးဌာနအနေဖြင့် အဆိုပါ သွင်းကုန်များအပေါ် စုပြုံတင်သွင်းမှုအပေါ် တန်ပြန်အခွန် (Anti-dumping duty) စည်းကြပ်ရန်နှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁ ရက်နေ့က ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများကို ကာကွယ်ရန်အတွက် အဆိုပါ အခွန်စည်း ကြပ်မှုများကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြန်လည်သုံးသပ်ချက်တွင် အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

Polyester ချည်တင်သွင်းမှုအပေါ် နိုင်ငံတစ်ခုချင်းစီအလိုက် မတူညီသောနှုန်းထားများဖြင့် သတ်မှတ်ထားပြီး တရုတ်နိုင်ငံအတွက် ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ အတွက် ၅၄.၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံ အတွက် ၆၀.၆ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံအတွက် ၆.၄ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့တွင် စတင်ခဲ့သော စုံစမ်းစစ်ဆေးမှုအပြီးတွင် အဆိုပါနှုန်းထားများကို ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ  အစိုးရ၏ အမိန့်အမှတ် 10/2018/ND-CP အရ အကျုံးဝင်သူများအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်သည့် ပထမနှစ်မကုန်မီ ရက်ပေါင်း ၆၀ အတွင်း ပြန်လည်သုံးသပ်ရန် တောင်းဆိုနိုင်ကြောင်း၊ ပြန်လည်သုံးသပ်ရန်အတွက်  အဆိုပြုတင်သွင်းရန် နောက်ဆုံးရက်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

Source: The Saigon Times

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News