International News

ဗီယက်နမ်နိုင်ငံတွင် မော်တော်ယာဉ် မှတ်ပုံတင်ခ ၅၀ ရာခိုင်နှုန်း လျှော့၍ကောက်ခံသွားမည်

Last Updated:

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် ကားများအတွက် မှတ်ပုံတင်ကြေးကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ၃ လအတွက် ၅၀ ရာခိုင်နှုန်း လျှော့၍ကောက်ခံသွားမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက အမိန့်အမှတ် 109/2024/ND-CP ဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန (MoF) ၏ ပြောကြားချက်အရ ပြည်တွင်း မော်တော်ယာဉ် ရောင်းချမှု သိသိသာသာ ကျဆင်းသွားသည့်အတွက် သုံးစွဲမှုမြှင့်တင်ရန်နှင့် ပြည်တွင်းကား ထုတ်လုပ်မှုလုပ်ငန်းကို ပံ့ပိုးကူညီရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမ ၆ လအတွင်း ရောင်းချရသည့် ကားအရေအတွက်မှာ ၆၇,၈၄၉ ရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းလျော့ကျသွားကြောင်း ဗီယက်နမ် မော်တော်ယဉ်ထုတ်လုပ်သူများအသင်း (VAMA) ၏ ကိန်းဂဏန်းများအရ သိရှိရပါသည်။

ဧပြီလတွင် ပြည်တွင်းထုတ်ကားများသည် တင်သွင်းသည့် ကားများထက် ၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း VAMA မှ ပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် ထိုကဲ့သို့ လျှော့ချကောက်ခံမှုအတွက် နိုင်ငံတော်ဘတ်ဂျက် ကောက်ခံမှုမှ တစ်လလျှင် ဗီယက်နမ်ဒေါင် ၈၆၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄ သန်း) လျော့ကျသွားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ သိရှိရပါသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်ပြီး တပ်ဆင်သည့် ကားများအတွက် လက်ရှိကောက်ခံသည့် မှတ်ပုံတင်ကြေးကို ပြန်လည် ကောက်ခံ သွားမည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ အစိုးရအနေဖြင့် ပြည်တွင်းကားများအတွက် မှတ်ပုံတင်ခ လျှော့ချမှုကို ပြီးခဲ့သည့်နှစ် ဒုတိယ ၆ လတွင် ကျင့်သုံးခဲ့ကြောင်း ဖော်ပြထားသည်။

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

 

Category: International News