အမေရိကန်ဆိပ်ကမ်းလုပ်သားများသည် ၁-၁၀-၂၀၂၄ ရက်မှစ၍ (၃) ရက်ကြာဆန္ဒပြပြီး နောက် အလုပ်ရှင်များက (၆)နှစ်အတွင်း လုပ်ခလစာ (၆၂) ရာခိုင်နှုန်းတိုးပေးမည်ဟု ပြောကြားခဲ့ သဖြင့် ၎င်းတို့၏လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြပါသည်။
မိန်းပြည်နယ်မှ တက္ကဆက်ပြည်နယ်အထိ သင်္ဘောဆိပ်ကမ်းများကို ပိတ်သိမ်းကာ ဆန္ဒပြခဲ့ သဖြင့် စတိုင်းဆိုင်ကြီးများတွင် ငှက်ပျောသီးမှအစ အခြားကုန်ပစ္စည်းများ ပြတ်လပ်နိုင်သည့် အခြေအနေနှင့် ကြုံတွေ့နိုင်မှုကိုရပ်ဆိုင်းရန် သဘောတူညီခဲ့ကြကြောင်း၊ အလုပ်ရှင်များက ယခင် လုပ်ခလစာ (၅၀)ရာခိုင်နှုန်းသာတိုးမြှင့်ပေးရန် အဆိုပြုခဲ့ကြသော်လည်း အမေရိကန်သမ္မတအိမ်ဖြူတော်က ကုန်ပစ္စည်းပို့ဆောင်သည့်သင်္ဘောလိုင်းကုမ္ပဏီကြီးများနှင့် ကုန်တင်/ကုန်ချဆိပ်ကမ်း လုပ်ငန်းလည်ပတ်သည့်ကုမ္ပဏီများအား ဖိအားပေးပြီးနောက်ပိုင်းတွင် ဆိပ် ကမ်းလုပ်သားများအား လုပ်ခလစာရာခိုင်နှုန်း ထပ်မံတိုးမြှင့်ပေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ် ကြောင်း၊ ဆိပ်ကမ်းအများအပြားကို ၄-၁၀-၂၀၂၄ ရက် (သောကြာနေ့)တွင် ပြန်လည်ဖွင့်လှစ်လျက် ဆိပ်ကမ်း၌ရှိနေသည့် ကုန်သေတ္တာများကို ရှင်းလင်းရန်စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် နယူးယောက်နှင့် နယူးဂျာဆီ ဆိပ်ကမ်းနှင့် ဗာဂျီးနီးယားပြည်နယ်ရှိ နော်ဖော့ခ်ဆိပ်ကမ်းများအနေဖြင့် လုပ်ငန်းများအပြည့်အဝ လည်ပတ်နိုင်ရန် တစ်ရက်ခန့်အချိန်ယူရနိုင်ကြောင်း သိရှိရပါသည်။
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းလုပ်သားများအသင်း (International Longshoremen’s Association, ILA) နှင့် ဆိပ်ကမ်းလုပ်ငန်းလည်ပတ်သည့်ကုမ္ပဏီများက ပူးတွဲကြေညာချက်ထုတ်ပြန်ရာတွင် ယခုရက်သတ္တပတ်မှစ၍ ၁၅-၁-၂၀၂၅ ရက်အတွင်း သက်တမ်းကုန်ဆုံးမည့် အလုပ်သမား စာချုပ်များကို သက်တမ်းတိုးမြှင့်ပေးရန်နှင့် ဆိပ်ခံတံတားများကို စက်ပစ္စည်းအသုံးပြုလည်ပတ်ရန် အပါအဝင်အခြားကိစ္စရပ်များကိုလည်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ နောက်ဆုံး ညှိနှိုင်းချက်အရ ILA အလုပ်သမားများ၏ တစ်နာရီလုပ်ခလစာကို ယခင်(၆)နှစ်အတွင်း အမေရိကန် ဒေါ်လာ (၃၉)မှ အမေရိကန်ဒေါ်လာ (၆၃)အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဤသို့တိုးမြှင့်ပေး သည့်ပမာဏသည် အလုပ်သမားများတောင်းဆိုသည့် (၇၇)ရာခိုင်နှုန်းအောက် လျှော့နည်းသော်လည်း ဆိပ်ကမ်းအလုပ်သမား စာချုပ်များအနက် အမြင့်ဆုံးတိုးနှုန်းဖြစ်ကြောင်း၊ ဆိပ်ကမ်းအလုပ်သမား အများစုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀) ကျော်အထိ ဝင်ငွေရှိပြီး အခြေခံလစာ အပေါ် အချိန်ပိုကြေးနှင့် အလုပ်၏ စည်းမျဉ်းစည်းကမ်းအပေါ်မူတည်၍လည်း ခံစားခွင့်ရှိကြကြောင်း သိရှိရပါသည်။
ဆိပ်ကမ်းအလုပ်သမားများ၏ လုပ်ခလစာတိုးနှုန်းကို ကုန်ပစ္စည်းပိုင်ရှင်များနှင့် ကုန်တင်/ ကုန်ချဆိပ်ကမ်းလုပ်ငန်းလည်ပတ်သည့် သင်္ဘောလိုင်းကုမ္ပဏီကြီးများက ကျခံရနိုင်ကြောင်း၊ ဒိန်းမတ် နိုင်ငံ၏ A.P. Moller-Maersk နှင့် တရုတ်နိုင်ငံ၏ Cosco Shipping တို့သည် အမေရိကန် ဆိပ်ကမ်းများ၌ ကုန်သေတ္တာအများအပြားကို ကုန်တင်/ကုန်ချပြုလုပ်လျက်ရှိရာ သင်္ဘောကုမ္ပဏီကြီး များဖြစ်သည့် Maersk ၊ ဂျာမနီနိုင်ငံ၏ Hapag-Lloyd နှင့် Cosco တို့၏ အစုရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့၏ဖောက်သည်များဖြစ်သည့် အရှေ့ဘက်နှင့် ပင်လယ်ကွေ့ကမ်းခြေဆိပ်ကမ်းများမှ ပို့ကုန်၊ သွင်းကုန်များပြလုပ်လျက်ရှိသည့် လက်လီအရောင်းဆိုင်ကြီးများ၊ စက်မှုလုပ်ငန်းများနှင့် လယ်သမားများအပေါ် စရိတ်များလွှဲပြောင်း ပေးရန် စဉ်းစားလျက်ရှိကြကြောင်း သိရှိရပါသည်။ အမေရိကန်ဆိပ်ကမ်းအလုပ်သမားများသည် (၃)ရက်တာဆန္ဒပြမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် တွင် အာရှသင်္ဘောကုမ္ပဏီများ၏ အစုရှယ်ယာကျဆင်းခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီများဖြစ်သည့် Cosco Shipping ၏ အစုရှယ်ယာဈေးနှုန်းသည် (၈.၅) ရာခိုင်နှုန်းနှင့် Orient Overseas (International)၏ အစု ရှယ်ယာဈေးနှုန်းသည် (၈.၁) ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီများဖြစ်သည့် Nippon Yusen ၏ အစုရှယ်ယာဈေးနှုန်းသည် (၈.၈) ရာခိုင်နှုန်းနှင့် Kawasaki Kisen Kaisha သည် (၉.၄) ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားကုမ္ပဏီများဖြစ်သည့် HMM နှင့် Pan Ocean တို့သည် (၄.၈) ရာခိုင်နှုန်းနှင့် (၅.၄) ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါသည်။
လက်ရှိတွင် ကွန်တင်နာများပို့ဆောင်ခဈေးနှုန်းသည် အချိန်ကာလတစ်ခုအထိ ဈေးနှုန်းအသင့် အတင့်သာရှိမည်ဖြစ်သော်လည်း ဆိပ်ကမ်းအလုပ်သမားများ၏ဆန္ဒပြမှုရလဒ်များသည် ဈေးနှုန်း အပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်သည်ဟု Tracking Traffic ၏ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ကဏ္ဍလေ့လာဆန်းစစ်သူ Mr. Daniel Hellberg က ဆိုကြောင်း၊ ထို့အပြင် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီ Jefferies ၏ လေ့လာဆန်းစစ်သူ Mr. Johnson Wan က ကွန်တင်နာများပို့ဆောင်ခဈေးနှုန်း သည် (၂.၅) ရာခိုင်နှုန်းအထိ လျှော့ချရန် မျှော်မှန်းထားသော်လည်း ဆိပ်ကမ်းအလုပ်သမားများ၏ ဆန္ဒပြမှုကြောင့် ယင်းသို့လျှော့ချနိုင်မည့်အလား အလာမရှိဟု ပြောကြားကြောင်း သိရှိရပါသည်
ဆိပ်ကမ်းအလုပ်သမားများ၏ဆန္ဒပြမှုသည် သမ္မတရွေးကောက်ပွဲမတိုင်မီ (၅)ပတ်အလိုတွင် ပြုလုပ်ခြင်းဖြစ်ရာ သမ္မတလောင်းများဖြစ်သည့် ကင်မလာဟဲရစ်နှင့် ဒေါ်နယ်ထရမ့်တို့က ကုန်ပစ္စည်း ပို့ဆောင်သည့် သင်္ဘောကုမ္ပဏီများသည် နိုင်ငံခြားလုပ်ငန်းများဖြစ်သည်ကို အလေးထားဖော်ပြလျက် အလုပ်သမားများဘက်မှ ထောက်ခံကြောင်း ပြောကြားခဲ့ကြပါသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းလုပ်သားများအသင်း (International Longshoremen’s Association, ILA) နှင့် အမေရိကန်ပင်လယ်ရေကြောင်းသွားလာ ရေးအဖွဲ့ (United States Maritime Alliance) တို့အကြား သဘောတူညီမှုရရှိသည်ကို ဂုဏ်ပြု ကြောင်း၊ ယင်းသဘောတူညီချက်သည် စုပေါင်းညှိနှိုင်းအဖြေရှာခြင်းကြောင့် အောင်မြင်မှုရရှိခြင်း ဖြစ်ကြောင်း၊ ILA ဆိပ်ကမ်းအလုပ်သမားများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆိပ်ကမ်းများ၏ လုပ်ငန်းလည်ပတ်နိုင်ရန် များစွာပေးဆပ်ခဲ့ကြသဖြင့် ပို၍ကောင်းမွန်သည့် အလုပ်သမားစာချုပ်များ ချုပ်ဆိုခွင့်ရရှိသင့်ကြောင်း ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)