International News

ဗီယက်နမ်နိုင်ငံသည် သကြားထွက်ကုန်များအပေါ် ကုန်သွယ်မှု ကုစားရေး အစီအမံများ ချမှတ်ဆောင်ရွက်ထားခြင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်သွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) မှ ကြံသကြားထွက်ကုန် အချို့အတွက် ကုန်သွယ်မှုကုစားရေး အစီအမံများချမှတ်ထားခြင်းအပေါ် ပြန်လည်သုံးသပ်ရန် ဆုံးဖြတ်ချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံမှထွက်ရှိသည့် သကြားထွက်ကုန်အချို့အပေါ် ကုန်သွယ်မှုတားဆီးရေး အစီအမံ များ (Anti-dumping နှင့် Anti-subsidy) ကျင့်သုံးဆောင်ရွက်မှု ရလဒ်များနှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဗီယက်နမ် ကုန်သွယ်မှု ကုစားရေး အာဏာပိုင်အဖွဲ့ (TRAV) သည် ကြံထွက်ကုန် အများအပြားအတွက် ကုန်သွယ်မှု ကာကွယ်ရေး အစီအမံများကို ပြန်လည်သုံးသပ်ပေးနိုင်ရေးအတွက်  ပြည်တွင်း ထုတ်ကုန်လုပ်ငန်းများကို ကိုယ်စား ပြုသော ဗီယက်နမ်ကြံနှင့် သကြားအသင်းမှ တင်ပြချက်ကို လက်ခံ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကြံသကြား ထွက်ကုန်များအပေါ် အမှုတွဲအမှတ်( Case Code:  AR01.AC02.AD13-AS01) ဖြင့် ကုန်သွယ်မှု ရှောင်လွှဲခြင်းဆိုင်ရာ အရေးယူဆောင်ရွက်ခြင်းများအတွက် ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) မှ ဆုံးဖြတ်ချက်အမှတ် 2386/QĐ-BCT အား စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ ကုန်သွယ်မှုကုစားရေးအာဏာပိုင်အဖွဲ့ (TRAV) သည် အဆိုပါကိစ္စနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များအနေဖြင့် Circular No. 37/2019/TT-BCT ဖြင့် ထုတ်ပြန်ထားသည့် နောက်ဆက်တွဲ (၁)တွင်ပါရှိသည့် မှတ်ပုံတင်ခြင်းပုံစံကို အသုံးပြု၍ လာမည့်အင်္ဂါနေ့တွင် သက်ဆိုင်သည့်အဖွဲ့များအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် အကြံပြု ထားသည်။

မှတ်ပုံတင်ပြီးနောက် ဆုံးဖြတ်ချက်စတင်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း စုံစမ်းစစ်ဆေးရေး‌ အေဂျင်စီသို့ ပြီးပြည့်စုံသော မှတ်ပုံတင်ခြင်းအား အွန်လိုင်း ကုန်သွယ်မှု စာရွက်စာတမ်း လက်ခံမှုစနစ် https://online.trav.gov.vn မှ တစ်ဆင့် (သို့မဟုတ်) စာတိုက် (သို့မဟုတ်) အီးမေးလ်မှ ပေးပို့တင်ပြရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။

Source: Vietnam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News