International News

'E-commerce Easy’ အစီအစဉ်ကို ဟောင်ကောင်ဒေသ စတင်

Last Updated:

ကမ္ဘာတစ်လွှား e-commerce စီးပွားရေးလုပ်ငန်းများ လျှင်မြန်စွာ တိုးတက်လာမှုကြောင့်  ဟောင်ကောင်ဒေသရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှု နည်းလမ်းဖြင့် တရုတ်ပြည်မဈေးကွက်သို့ တိုးချဲ့ရာတွင် ကူညီပေးနိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို ကူညီထောက်ပံ့ပေးနေသည့် ရန်ပုံငွေဖြစ်သည့် Dedicated Fund on Branding, Upgrading & Domestic Sales (BUD Fund)အောက်မှ  E-commerce Easy ကို ဟောင်ကောင်ဒေသအစိုးရမှ ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်လိုက်ပြီဖြစ် ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇ ရက်နေ့တွင် “HK launches 'E-commerce Easy' to boost Mainland market access” ခေါင်စဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

တရုတ်ပြည်မ၏ ပြည်တွင်းအရောင်းဈေးကွက်သို့ ထိုးဖောက်ရာတွင် အထောက်အကူ ဖြစ်စေရန် ထောက်ပံ့ပေးသည့်သည့် E-commerce Easy ရန်ပုံငွေ၏ အမြင့်ဆုံးသတ်မှတ်ချက်မှာ ဟောင်ကောင်ဒေါ်လာ ၁ သန်းဖြစ်ကြောင်း၊ လျှောက်ထားသည့် လုပ်ငန်းများအနေဖြင့် သတ် မှတ်ချက်နှင့် ကိုက်ညီပါက ရန်ပုံငွေ လျှောက်ထား ရရှိနိုင်မည်ဖြစ်ပြီး၊ အတည်ပြုရန်ပုံငွေ၏ ၇၅ ရာခိုင်နှုန်း အထိ ကနဦးပေးငွေအဖြစ် ရရှိနိုင်ကြောင်း၊ ရန်ပုံငွေအောက်မှ လုပ်ဆောင်သည့် စီမံချက်မှာ ၂၄ လအတွင်း အပြီး အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ရေးသားဖော်ပြ ထားပါသည်။

အဆိုပါအစီအစဉ်အောက်မှရရှိမည့် ရန်ပုံငွေများကို အွန်လိုင်းစတိုးများ၊ third-party platform များတွင် ကြေညာခြင်း၊ မိုဘိုင်း application များ ဖန်တီးခြင်းနှင့် website များတွင် အွန်လိုင်းပေးချေမှုစနစ်များ ထည့်သွင်းခြင်းများအတွက် အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ထို့ပြင် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ဒေသရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ကုန်အမှတ်တံဆိပ်များကို အရောင်းမြှင့်တင်နိုင်ရန်အတွက် လာမည့်ဩဂုတ်လအတွင်း၌ တရုတ် ပြည်မ e-commerce ပလက်ဖောင်းများတွင် Hong Kong Shopping Festivals ပြုလုပ်သွားမည်ဖြစ် ကြောင်း ရေးသားဖော်ပြထားပါသည်။

လုပ်ငန်းများအနေဖြင့် E-commerce Easy အပြင် အထွေထွေလျှောက်ထားမှု လမ်းကြောင်းအောက်မှ လုပ်ငန်းတစ်ခုအတွက် အမြင့်ဆုံးသတ်မှတ်ချက် ဟောင်ကောင်ဒေါ်လာ ၇ သန်း ရရှိနိုင်သည့် BUD Fund ကို ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော် ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့

Category: International News