International News

သမ္မတလောင်းဒေါ်နယ်ထရမ့်က အချိန်ပိုကြေး (Overtime) အပေါ်ကောက်ခံသည့်အခွန်ကို ပယ်ဖျက်ရန် အဆိုပြုခဲ့

Last Updated:

ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းဒေါ်နယ်ထရမ့်က အချိန်ပိုကြေး (Overtime) အပေါ် ကောက်ခံသည့်အခွန်ကို ပယ်ဖျက်ရန်အဆိုပြုခဲ့ကြောင်း The Washington Post အွန်လိုင်းသတင်း တွင် “Trump proposes ending taxes on overtime pay. Economists are skeptical” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

သမ္မတလောင်းဒေါ်နယ်ထရမ့်က အချိန်ပိုင်းအလုပ်သမားများ၏ထောက်ခံမဲကို ရရှိရန်အတွက် အချိန်ပိုကြေးအပေါ် ကောက်ခံသည့်အခွန်ကို ပယ်ဖျက်ရန်အဆိုပြုထားကြောင်း၊ အရီဇိုးနားပြည်နယ်တွင် ပြုလုပ်သည့်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွင် “အချိန်ပိုကြေးအတွက်ပေးဆောင်ရသည့်အခွန်ကို ပယ်ဖျက်သွားမည်ဖြစ်ပြီး ထိုသို့ပယ်ဖျက်ခြင်းကြောင့် အလုပ်သမားများအတွက် မက်လုံးဖြစ်သကဲ့သို့ အလုပ်ခန့်ထားသည့်ကုမ္ပဏီများသည် အချိန်ပိုကြေးအတွက် အခွန်ပေးရန်မလိုဘဲ အလုပ်သမားများကို ခန့်ထားနိုင်မည်ဖြစ်သည်” ဟု သမ္မတလောင်းဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း၊ သမ္မတလောင်းဒေါ်နယ်ထရမ့်က ယခင်လရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများတွင် မေတ္တာကြေး (Tips)နှင့် လူမှုဖူလုံရေးပေးငွေများအပေါ် အခွန်ကောက်ခံမှုကိုဖျက်သိမ်းရန် အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

သမ္မတလောင်းဒေါ်နယ်ထရမ့်၏ စီးပွားရေးအကြံပေး Mr. Stephen Moore က ယခုအဆိုပြု ချက်သည် သမ္မတလောင်းဒေါ်နယ်ထရမ့်က အလုပ်လုပ်ကိုင်သည့်လူများအတွက် စဉ်းစားလုပ် ကိုင်ပေးလိုသဖြင့် ယခုအယူအဆကို ၎င်းကိုယ်ပိုင်အတွေးဖြင့် ပြောကြားခြင်းဖြစ်ကြောင်း၊ ရက်သတ္တပတ် အလုပ်ချိန် နာရီ(၄၀)ထက်ကျော်လွန်၍ လုပ်ကိုင်ခြင်းကြောင့် ရရှိသည့်အချိန်ပိုကြေးအပေါ် အလုပ်သမားများအနေဖြင့် အခွန်ကင်းလွတ်ခွင့်ခံစားခွင့်ရှိမည်ဟုဆိုကြောင်း၊ ယင်းအဆိုပြုချက်ကြောင့် ကုန်ကျစရိတ်ရှိမည်ဖြစ်သော်လည်း အလွန်များပြားသည့်ပမာဏမဟုတ်ဟု စီးပွားရေး အကြံပေး Mr. Stephen Moore ကဆိုကြောင်း၊ သမ္မတလောင်းဒေါ်နယ်ထရမ့်အနေဖြင့် ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အမေရိကန်လွှတ်တော်၏ သဘောထားလိုအပ်နိုင်ကြောင်း သိရှိရပါသည်။

အလုပ်သမားများသည် ရက်သတ္တပတ်အလုပ်ချိန် နာရီ (၄၀) ထက်ကျော်လွန်ပါက တစ်နာရီ အချိန်ပိုကြေးအဖြစ် ၎င်းရရှိသည့်ပုံမှန်လုပ်ခလစာ၏တစ်နာရီလုပ်အားခကို တစ်ဆခွဲထပ်ပေါင်းသည့် ပမာဏကိုရရှိကြကြောင်း၊ Alabama ပြည်နယ်သည် အချိန်ပိုကြေးအပေါ် အခွန်ကင်း လွတ်ခွင့်ကို ပထမဆုံးပြဋ္ဌာန်းသည့် ပြည်နယ်တစ်ခုဖြစ်ပြီး အခြားပြည်နယ်အချို့တွင်လည်း ယင်းသို့အခွန် ကင်းလွတ်ခွင့်များကို မိတ်ဆက်ကျင့်သုံးလာကြကြောင်း၊ အချိန်ပိုကြေးအပေါ်အခွန်ကင်းလွတ်ခွင့်ပြုခြင်းကြောင့် ကုမ္ပဏီများအနေဖြင့် အလုပ်သမားများ၏ပုံမှန်လစာကို လျှော့ချ၍ အချိန်ပိုကြေး တိုးပေးကာ အခွန်ရှောင်ရှားမှုပြုလုပ်လာနိုင်ကြောင်း သိရှိရပါသည်။

(စီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

Category: International News