International News

တောင်ကိုရီယားနိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်အများအပြား တင်သွင်း

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် ယခုနှစ် ပထမ ၆ လပတ်အတွင်း ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များအား အမေရိကန်ဒေါ်လာ ၁၆၄ သန်းဖိုးခန့် တင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း The World and Vietnam Report အွန်လိုင်းသတင်း ဖော်ပြချက်အရသိရှိရပါသည်။

အဆိုပါတင်သွင်းမှုတွင် ဗီယက်နမ်၏ စုစုပေါင်းတင်ပို့မှုပမာဏ၏ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး တောင်ကိုရီးယားသည် တရုတ်နိုင်ငံပြီးလျှင် ၎င်း၏ ဒုတိယအကြီးဆုံး စိုက်ပျိုးရေးဈေးကွက်ဖြစ်လာကြောင်း အကောက်ခွန်ဦးစီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရှိရပါသည်။

ဗီယက်နမ်မှ တောင်ကိုးရီးယားသို့ အများဆုံးတင်သွင်းသည့် စိုက်ပျိုးရေးထွက်ကုန် (၃) မျိုးမှာ ငှက်ပျော၊ သရက်သီးနှင့် နှမ်းစေ့များဖြစ်ပြီး ငှက်ပျော၏ တန်ဖိုးမှာ သုံးဆတိုးလာကြောင်း ဖော်ပြထားသည်။

တင်ပို့မှု သိသိသာသာ မြင့်တက်လာသော အခြားပစ္စည်းများမှာ နဂါးမောက်သီး၊ Shitake မှို၊ ဒူးရင်း၊ နာနတ်သီးနှင့် Almond တို့ ဖြစ်သည်။

အလယ်ပိုင်းကုန်းမြင့်ဒေသမှ ငှက်ပျောသီး တင်ပို့ရောင်းချသည့် ကုမ္ပဏီတစ်ခုသည် ၎င်း၏ သစ်သီးများကို Lotte mart အပါအဝင် တောင်ကိုရီးယားရှိ အဓိက စူပါမားကတ်များတွင် ရောင်းချလျက်ရှိသည်ဟု ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်း အထွေထွေအတွင်းရေးမှူး ဖြစ်သူ Dang Phuc Nguyen က တောင်ကိုရီးယား၏ ငှက်ပျောဈေးကွက်သို့ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့်တင်ပို့လျက်ရှိပြီး ဗီယက်နမ်မှ တင်ပို့သူများအတွက် တိုးမြှင့်တင်ပို့ရန် အလားအလာကောင်းများ ရှိကြောင်းပြောကြားခဲ့ဟု ဖော်ပြထားပါသည်။

 

Source: The World and Vietnam Report

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News