International News

ရုရှား-တရုတ်ကုန်သွယ်မှု ၇ လအတွင်း ကန်ဒေါ်လာ ၁၃၆.၆၇ ဘီလီယံရှိပြီး ၁.၆ ရာခိုင်နှုန်းတိုးတက်

Last Updated:

ရုရှားနှင့် တရုတ်ကြားကုန်သွယ်မှုပမာဏသည် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၁၃၆.၆၇ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်းတိုးလာကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကာလအတွင်း တရုတ်မှ ရုရှားသို့ တင်ပို့မှုပမာဏသည် တန်ဖိုးအမေရိကန်ဒေါ်လာ ၆၁.၆၄ ဘီလီယံရှိပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁.၁ ရာခိုင်နှုန်းလျော့နည်းခဲ့သည်။ ရုရှားမှ တရုတ်သို့ တင်သွင်းမှုသည် တန်ဖိုးကန်ဒေါ်လာ ၇၅.၀၃ ဘီလီယံရှိပြီး ၃.၉ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ရုရှားဖက်မှ ကုန်သွယ်မှုပိုငွေသည် ကန်ဒေါ်လာ ၁၃.၃၉ ဘီလီယံအထိရှိခဲ့ပြီး ယခင်နှစ်ထက် ၄၈ ရာခိုင်နှုန်းအထိတိုးလာခဲ့သည်။

ဇူလိုင်လတွင် နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၁၉.၆၉ ဘီလီယံရှိခဲ့သည်။ တရုတ်မှ ရုရှားသို့ ကုန်ပစ္စည်းများတင်ပို့မှုသည် တန်ဖိုးကန်ဒေါ်လာ ၉.၉၉ ဘီလီယံရှိပြီး ရုရှားမှ တရုတ်သို့ တင်သွင်းမှုသည် တန်ဖိုး ကန်ဒေါ်လာ ၉.၇ ဘီလီယံရှိသည်။

ရုရှားမှ တရုတ်သို့ တင်သွင်းသောကုန်ပစ္စည်းအများစုမှာ စွမ်းအင်အရင်းအမြစ်များဖြစ်သော ရေနံ၊သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့ဖြစ်သည်။ အခြားအဓိကတင်သွင်းသည့် ကုန်ပစ္စည်းများမှာ ကြေးနီနှင့် ကြေးနီသတ္တုရိုင်း၊ သစ်၊ လောင်စာဆီနှင့် ရေထွက်ကုန်များပါဝင်သည်။ တရုတ်မှ ရုရှားသို့ အဓိကတင်ပို့သောကုန်ပစ္စည်းများမှာ မော်တော်ကား၊ ထွန်စက်၊ စက်မှုနှင့် အထူးပြုစက်ပစ္စည်းကိရိယာများ၊ စမတ်ဖုန်း၊ အရုပ်၊ ဖိနပ်၊ သယ်ယူပို့ဆောင်ရေးယာဉ်၊ လေအေးပေးစက်နှင့် ကွန်ပျူတာများဖြစ်ပါသည်။

ရုရှားနှင့် တရုတ်နိုင်ငံကြား ငွေပေးချေမှု၏ ၉၀ ရာခိုင်နှုန်းကို ယွမ်နှင့် ရူဘယ်ဖြင့်ပြုလုပ်လျက်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၂၄၀.၁၁ ဘီလီယံသို့ စံချိန်တင်အမြင့်ဆုံးရောက်ရှိခဲ့ပြီး ယခုနှစ်တွင် ကန်ဒေါ်လာ ၂၅၀ ဘီလီယံအထိရောက်ရှိရန် လုံလောက်သောအခွင့်အလမ်းများရှိကြောင်း သိရှိရပါသည်။

Source : https://www.kommersant.ru/doc/6878977

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News