International News

ဗီယက်နမ် ဆန်တင်ပို့မှု ပမာဏ မြင့်တက်

Last Updated:

ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားနှင့် တည်ငြိမ်သော ဈေးနှုန်းများကြောင့် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ကျွမ်းကျင်သူများ၏ အဆိုအရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံ တန်ဖိုးရှိ ဆန်တန်ချိန် ၅.၁ သန်းကျော် တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ၂၅ ရာခိုင်နှုန်းနှင့် နှစ်စဉ်တန်ဖိုးအားဖြင့် ၅.၈ ရာခိုင်နှုန်းမြင့်တက်လာကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဗီယက်နမ်ဆန်တင်ပို့မှု ပျမ်းမျှဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၆ ဖြင့် စံချိန်တင် မြင့်မားလာကာ ထိုင်း၊ ပါကစ္စတန်နှင့် အိန္ဒိယတို့ကဲ့သို့ အဓိကပြိုင်ဘက်များကို ကျော်လွန် သွားကြောင်း ဗီယက်နမ် စားနပ်ရိက္ခာအသင်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တရုတ်တို့ကဲ့သို့ သမားရိုးကျ ဈေးကွက်များသည် အဓိက ဝယ်လက်အဖြစ် ဆက်လက်တည်ရှိနေသော်လည်း ဗီယက်နမ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ တောင်အမေရိက၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်တို့အပါအဝင် စျေးကွက်သစ်များသို့ ထိုးဖောက်ရန် ကြိုးပမ်းလျက်ရှိပါသည်။

“ကမ္ဘာ့အကောင်းဆုံးဆန်” ဟု နှစ်ကြိမ်သတ်မှတ်ခံရသည့် ST25 အမျိုးအစား ဗီယက်နမ် ဆန်သည် ပြိုင်ဘက်ကင်းသော အားသာချက်တစ်ခုဖြစ် ကြောင်းဖော်ပြထားပါသည်။

ကမ္ဘာ့ဆန်ဈေးကွက်သည် ယခုနှစ်အတွင်း တန်ချိန် ၇ သန်း ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအချို့သည် ပို့ကုန်ကန့်သတ်ချက်များ ချမှတ်ကာ အခြားနိုင်ငံများတွင် အရန်ဆန်များ စုဆောင်းလျက်ရှိကြောင်း၊ ၎င်းသည် ဗီယက်နမ်ကို အရေးပါသော အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ နှစ်ခုစလုံးကို ပေးအပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) မှ ဆန်တင်ပို့သူများအား စျေးကွက် အတက်အကျများကို အနီးကပ်စောင့်ကြည့်ရန်နှင့် ဗီယက်နမ် ပရီမီယံဆန်၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန်အတွက် ဈေးနှုန်းသတ်မှတ်ရာတွင် ဂရုပြုရန် တိုက်တွန်းထားသည်။

ဆန်စပါးလုပ်ငန်းတွင် ရင်ဆိုင်နေရသော ရှုပ်ထွေးသောပြဿနာများကို ဖြေရှင်းရန်အတွက် (MOIT) နှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန (MARD) တို့ သုတေသန၊ မူဝါဒချမှတ်ရေးနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အမျိုးသား ဆန်ကောင်စီကို ဖွဲ့စည်းရန် အဆိုပြုထားသည်။

အဆိုပါကောင်စီသည် ဆန်စပါးတန်ဖိုးကွင်းဆက်တစ်ခုလုံး ထုတ်လုပ်မှုမှ ပို့ကုန်အထိ ကမ္ဘာ့ဆန်အမှတ်တံဆိပ်ကို မြှင့်တင်ရန် ရည်ရွယ်ပြီး ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

Source: Vietnam Express International

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News