International News

ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေသည် ၂၀၂၄ ခုနှစ် ပထမ ၆ လတွင် ၁၆.၂ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၇၆.၇ ဘီလီယံရှိ

Last Updated:

၂၀၂၄ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ ရုရှားနိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုပိုငွေသည် ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆.၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၆.၇ ဘီလီယံအထိရှိခဲ့ကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှုဌာန(Federal Customs Service-FCS)၏ အချက်အလက်များအရ သိရှိရသည်။

အစီရင်ခံကာလတွင် ပို့ကုန်ပမာဏသည် တန်ဖိုးအမေရိကန်ဒေါ်လာ ၂၀၇.၁ ဘီလီယံ(ယခင်နှစ် ကာလတူထက် ၀.၄ ရာခိုင်နှုန်းလျော့ကျ)ရှိပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၁၃၀.၄ ဘီလီယံ(ယခင်နှစ်ကာလတူထက် ၈.၁ ရာခိုင်နှုန်းလျော့ကျ)ရှိသည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ရုရှား၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေမှာ ၆၆ ဘီလီယံရှိပြီး ယင်းတို့အနက် ပို့ကုန်တန်ဖိုးဒေါ်လာ ၂၀၇.၉ ဘီလီယံရှိပြီး သွင်းကုန်မှာ ဒေါ်လာ ၁၄၁.၉ ဘီလီယံရှိသည်။

ရုရှားမှ ဥရောပနိုင်ငံများသို့ တင်ပို့မှုသည် တန်ဖိုးဒေါ်လာ ၃၁.၇ ဘီလီယံသို့ ၃၃.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တင်သွင်းမှုသည် ဒေါ်လာ ၃၄.၉ ဘီလီယံသို့ ၁၄.၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အာရှနိုင်ငံများသို့ တင်ပို့မှုသည် ဒေါ်လာ ၁၅၆.၂ ဘီလီယံသို့ ၈.၅ ရာခိုင်နှုန်းတိုးလာခဲ့ပြီး တင်သွင်းမှုသည် ဒေါ်လာ ၈၆.၆ ဘီလီယံသို့ ၄.၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

အာဖရိကနိုင်ငံများသို့ တင်ပို့မှုမှာ ဒေါ်လာ ၁၂.၃ ဘီလီယံသို့ ၂၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တင်သွင်းမှုမှာ ဒေါ်လာ ၁.၇ ဘီလီယံရှိကာ ၅.၅၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ မြောက်နှင့် တောင်အမေရိကနိုင်ငံများသို့ ရုရှားတင်ပို့မှုသည် ဒေါ်လာ ၅.၇ ဘီလီယံသို့ ၁၇.၅၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယင်းနိုင်ငံများမှ တင်သွင်းမှုသည် ဒေါ်လာ ၆.၉ ဘီလီယံသို့ ၁၅.၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ရုရှား၏ အဓိကပို့ကုန်မှာ လောင်စာဆီနှင့်စွမ်းအင်ကဏ္ဍ ထုတ်ကုန်၊ သတ္တုနှင့် သတ္တုထုတ်ကုန်၊ စားသောက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ပြီး အဓိကသွင်းကုန်မှာ စက်ယန္တရား၊ စက်ကိရိယာ၊ မော်တော်ယာဉ်၊ ဓာတုဗေဒလုပ်ငန်းသုံးထုတ်ကုန်များနှင့် စားသောက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ကြောင်း သိရှိရပါသည်။

Source :        https://www.interfax.ru/business/975802

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News