International News

တရုတ်ကုန်စည်များအပေါ် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမှုကြောင့် အမေရိကန်နိုင်ငံ၏ ကြော်ငြာကဏ္ဍရငွေအပေါ် ထိခိုက်နိုင်

Last Updated:

အမေရိကန်နိုင်ငံက တရုတ်ကုန်စည်များအပေါ် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမှုကြောင့် အမေရိကန်နိုင်ငံ၏ ကြော်ငြာကဏ္ဍရငွေအပေါ်ထိခိုက်နိုင်ကြောင်း Wall Street Journal အွန်လိုင်း သတင်း၌ ၁၈-၉-၂၀၂၄ ရက်တွင် “How a Tariff Rule Aimed at China Could Affect U.S. Ad Spending” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်အစိုးရသည် တရုတ်နိုင်ငံ၏ e-commerce ကုမ္ပဏီများဖြစ်သည့် Temu နှင့် Shein တို့မှ တန်ဖိုးနည်း (De Minimis) ကုန်ပစ္စည်းအသွင်ဖြင့်ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ကန့်သတ်ရန်ထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်ချက်သည် အမေရိကန်ကြောငြာကဏ္ဍတိုးတက်မှုအပေါ် နှေးကွေးစေနိုင်ကြောင်း၊ တရုတ်နိုင်ငံမှ အထည်အလိပ်နှင့် အဝတ်အထည်သွင်းကုန် (၇၀) ရာခိုင်နှုန်း သည် တန်ဖိုးနည်းကုန်ပစ္စည်းအသွင်ဖြင့် ဝင်ရောက်လျက်ရှိပြီး ယင်းသို့ဝင်ရောက်မှုကို တားဆီး၍ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှဝင်ရောက်လာရန် ဆောင်ရွက်သွားမည်ဟု အမေရိကန် အစိုးရ အရာရှိများက ဆိုကြောင်း၊ Temu ၊ Shein ၊ Alibaba နှင့် အခြားတရုတ် e-commerce ကုမ္ပဏီများ၏ ဘဏ္ဍာရေးအရဖိအားများကြုံတွေ့ခြင်းသည် အမေရိကန်ကြော်ငြာလုပ်ငန်းကို ထိခိုက်နိုင်ကြောင်း၊ လက်ရှိတွင် အမေရိကန်နိုင်ငံ၏ကြော်ငြာကဏ္ဍသည် နှစ်ပေါင်း(၂၀)အတွင်း စွမ်းဆောင်မှု အကောင်းဆုံးကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကြော်ငြာကဏ္ဍ၏ရောင်းအားသည် (၈.၉) ရာခိုင်နှုန်းအထိ ရှိလာရန်မျှော်မှန်းသည်ဟု မီဒီယာကဏ္ဍရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Magna ကဆိုကြောင်း၊ e-commerce ကုမ္ပဏီများသည် Meta Platforms နှင့် Alphabet ကုမ္ပဏီ၏ Google တို့တွင် ကြော်ငြာခြင်းဖြင့် အမေရိကန်ကြော်ငြာကဏ္ဍကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် Meta ၏ အကြီးဆုံးကြော်ငြာကုမ္ပဏီမှာ Temu ဖြစ်ပြီး ၎င်း၏မိခင်ကုမ္ပဏီ ဖြစ်သည့် PDD Holding ထံမှ Meta က ဝင်ငွေအမေရိကန်ဒေါ်လာ (၂) ဘီလီယံအထိ ရရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် Temu သည် Google ၏ ကြော်ငြာအများဆုံးကုမ္ပဏီ (၅)ခုတွင် ပါဝင်ပြီး Super Bowl ကျင်းပချိန် ၎င်း၏ကြော်ငြာကဏ္ဍကို ထည့်သွင်းကြော်ငြာရန်လည်း ဝယ်ယူခဲ့ကြောင်း၊ Temu ၏ အမေရိကန်နိုင်ငံရှိ လုပ်ငန်းများပြတ်တောက်မှုဖြစ်ပေါ်လာပါက ယင်းလုပ်ငန်းပြင်ပရှိ အခြားဆက်စပ် လုပ်ငန်းများကိုလည်း သက်ရောက်မှုရှိလာနိုင်ကြောင်း၊ တန်ဖိုးနည်း (De Minimis) ကုန်ပစ္စည်းများ အား အကောက်ခွန်နှုန်း ကင်းလွတ်ခွင့်ပြုခြင်းသည် နိုင်ငံခြားရှိ e-commerce လုပ်ငန်းများကို ဈေးနှုန်းသက်သာစွာဖြင့် ယှဉ်ပြိုင်နိုင်စေရန် ပံ့ပိုးပေးလျက်ရှိရာ ယင်းအချက်ကို ကန့်သတ်ခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းလျော့ကျလာမည်ဖြစ်ကြောင်း၊ Amazon ၏ ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိသည့် ကြော်ငြာလုပ်ငန်းသည်လည်း e-commerce လုပ်ငန်းများကြောင့် အကျိုးအမြတ်များစွာရရှိလျက် ရှိရာ အကယ်၍တန်ဖိုးနည်းကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံပါက ၎င်း၏ လုပ်ငန်းများကိုလည်း ထိခိုက်မှုများရှိနိုင်ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်အတွင်း အမေရိကန်ဒစ်ဂျစ်တယ်ကြော်ငြာကဏ္ဍ၌ Temu သည် အဆင့် (၅)တွင်ရှိကာ ၂၀၂၂ ခုနှစ်တွင် အဆင့်(၆၇) နှင့် ၂၀၂၃ ခုနှစ်တွင် အဆင့်(၁၁) အသီးသီးရှိရာမှ  အဆင့်တိုးမြင့်လာခြင်းဖြစ်သည်ဟု ဈေးကွက်သုသေသတနအဖွဲ့ Sensor Tower က ဆိုကြောင်း၊ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်အတွင်း အမေရိကန်ဒစ်ဂျစ်တယ်ကြော်ငြာကဏ္ဍ၌ Shein သည် အဆင့် (၁၃) တွင် ရပ်တည်ခဲ့ကြောင်း သိရှိရပါသည်။ 

အမေရိကန်အစိုးရသည် တရုတ်အခြေစိုက် TikTok အား အမေရိကန်နိုင်ငံအတွင်း၌ တားမြစ် ရန် ဆောင်ရွက်ခဲ့ပြီးနောက်တွင် Temu အနေဖြင့် အမေရိကန်ဈေးကွက်အစား ဥရောပဈေးကွက်သို့ အဓိကထား၍ ဝင်ရောက်ရန်ဆောင်ရွက်လျက်ရှိပြီးဖြစ်ကြောင်း၊ သို့ရာတွင် Temu အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာကွန်ရက်များဖြစ်သည့် Google နှင့် Meta တို့ကို အသုံးပြု၍ မည်သည့်နိုင်ငံ၌မဆို ၎င်း၏ ဒစ်ဂျစ်တယ်ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများအတွက် ကြော်ငြာလျှင် ယင်းကုမ္ပဏီများက အကျိုး အမြတ်များရရှိနိုင်ကြောင်း ဖော်ပြထားသည်ကို သိရှိရပါသည်။

အမေရိကန်အစိုးရသည် တန်ဖိုးနည်း (De Minimis) ကုန်ပစ္စည်းအသွင်ဖြင့်ဝင်ရောက်လာသည့် ဘေးကင်းလုံခြုံမှုမရှိသော၊ မျှတမှုမရှိသောသွင်းကုန်များကို ထိရောက်စွာနှိမ်နင်းခြင်းဖြင့် အမေရိကန် စားသုံးသူများ၊ အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ကာကွယ်သွားမည်ဖြစ်ကြောင်း ၁၃-၉-၂၀၂၄ ရက်၌ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

(စီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

 

 

Category: International News