International News

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၎င်း၏ ခိုင်မာသော ခံနိုင်ရည်ရှိမှုကို ပြသလျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၎င်း၏ ခိုင်မာသောခံနိုင်ရည်အားကို ဆက်လက်ပြသနေသည်။ ဖွင့်လှစ်လာသည့် မူဝါဒများ၏ ပံ့ပိုးကူညီမှုများနှင့်အတူ ပြင်ပစိန်ခေါ်မှုများ ရှိနေသော်လည်း တရုတ်နိုင်ငံ၏ ထွန်းသစ်စနိုင်ငံများနှင့် တိုးမြှင့်တင်ပို့မှုလမ်းကြောင်းများသည် စီးပွားရေးတိုးတက်မှုကို တစ်နှစ်ပတ်လုံး တွန်းအားပေး ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အာဖရိက၊ အရှေ့တောင်အာရှနိုင်ငံများ (ASEANs)၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကြွယ်ဝသောကုန်သွယ်မှုနှင့် စီးပွားရေးအရဆက်ဆံမှုများသည် နည်းပညာအထူးပြု အစိမ်းရောင်ထုတ်ကုန်များနှင့် နယ်စပ်ဖြတ်ကျော် e-commerce ကဲ့သို့သော ကဏ္ဍများ၌ ပိုမို ချဲ့ထွင်ဆောင်ရွက်ခြင်းအားဖြင့် တရုတ်ပို့ကုန် လုပ်ငန်းရှင်များအတွက် ကမ္ဘာ့ဈေးကွက်များသို့ ပြိုင်ဆိုင်မှုရရှိစေရန်အတွက် ကူညီပေးလျက် ရှိသည်။

တရုတ် အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမ ရှစ်လ အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုသည် ယွမ်ငွေ ၂၈ ဒသမ ၅၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၂ ထရီလီယံ) ရှိခဲ့သဖြင့် နှစ်စဉ် ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အဆိုပါ ခိုင်မာသော တိုးတက်မှုသည် ပို့ကုန်ကဏ္ဍ၌ တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၉ ရာခိုင်နှုန်းနှင့် သွင်းကုန်ကဏ္ဍ၌ ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

တရုတ်နိုင်ငံ၏ ထွန်းသစ်စနိုင်ငံများနှင့် နိုင်ငံခြားကုန်သွယ်မှုသည် အမေရိကန်နိုင်ငံနှင့် ဥရောပ ဈေးကွက်များသို့ ကုန်သွယ်မှုထက် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ အထွေထွေကုန်သွယ်မှုသည် စီမံဆောင်ရွက်ရသည့် ကုန်သွယ်မှု (processing trade) နှင့် နှိုင်းယှဉ်ပါက ပိုမိုခံနိုင်ရည်ရှိကြောင်း Tsinghua University's Academic Center မှ အမှုဆောင်လက်ထောက် ဒါရိုက်တာ Li Ke'aobo က ပြောကြားခဲ့ သည်။ အထွေထွေကုန်သွယ်မှု (General Trade)ဆိုသည်မှာ ကုန်သွယ်မှုဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ သို့မဟုတ် အေးဂျင့်များကဲ့သို့ ကြားခံဝန်ဆောင်မှုကုမ္ပဏီများကို အသုံးမပြုဘဲ ပြည်တွင်းကုမ္ပဏီများ အနေဖြင့် တိုက်ရိုက်တင်သွင်းခြင်း သို့မဟုတ် တင်ပို့ခြင်းတို့ကို ဆောင်ရွက်သည့် နိုင်ငံတကာကုန်သွယ်မှု အမျိုးအစားကို ရည်ညွှန်းသည်။

၂၀၂၄ ခုနှစ် ဇန်န၀ါရီမှ ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ Belt and Road Initiative တွင် ပါဝင် သည့် နိုင်ငံများနှင့် ဒေသများသို့ ကုန်သွယ်မှုပမာဏသည် ယွမ်ငွေ ၁၃ ဒသမ ၄၈ ထရီလျံသို့ ရောက်ရှိခဲ့ သည်။ တစ်နှစ်ထက်တစ်နှစ် ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အကောက်ခွန် စာရင်းဇယားများအရ သိရသည်။ ယင်းသည် တရုတ်နိုင်ငံ၏ ခိုင်မာသော ကုန်သွယ်မှု စွမ်းရည်နှင့် နိုင်ငံတကာသို့ ယှဉ်ပြိုင်နိုင်စွမ်း ကို တိုးမြှင့်လာစေကြောင်း တွေ့ရှိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Macroeconomic Research အကယ်ဒမီ၏ သုတေသီ Ji Jianjun က တရုတ်နိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန့်သတ်ချက်အားလုံးကို မကြာသေးမီက ဖယ်ရှားခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုသည် နိုင်ငံပေါင်းစုံ၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို တရုတ်နိုင်ငံတွင်း စက်ရုံများတည်ဆောက်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ စက်ရုံ များ၏ ထုတ်ကုန်များအား ကမ္ဘာအနှံ့သို့ တင်ပို့ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ဖိတ်ခေါ်ဆောင်ရွက် ခြင်းအားဖြင့် တရုတ်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုမြှင့်တင်နိုင်ရန်လည်း မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

အလားတူ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာန၏ ညွှန်ကြားရေးမှူး Lyu Daliang က ၂၀၂၄ ခုနှစ် ပထမ ရှစ်လအတွင်း တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန် လုပ်ငန်းများ၌ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်သည့် လုပ်ငန်းအရေအတွက်သည် သိသိသာသာတိုးလာကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ယင်းလုပ်ငန်းများ၏ လစဉ် သွင်းကုန်နှင့် ပို့ကုန်တန်ဖိုးသည် ငါးလဆက်တိုက် တစ်နှစ်ထက်တစ်နှစ် မြှင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပို့ကုန်လုပ်ငန်းများအတွက် အဓိက အားထားရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

နည်းပညာမြင့်နှင့်နည်းပညာသုံး အစိမ်းရောင်ထုတ်ကုန်များ တင်ပို့ခြင်းအားဖြင့် တရုတ်နိုင်ငံသည် တန်ဖိုးမြင့်စက်မှုလုပ်ငန်းကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ နိုင်ငံခြား ကုန်သွယ်မှုတွင် အရှိန်အဟုန်သစ်များ မြှင့်တင်လာနိုင်ခဲ့ကြောင်း၊ ပြိုင်ဆိုင်မှုရှိသည့် စက်မှုထုတ်ကုန်များ ကို ကမ္ဘာ့ဈေးကွက်သို့ မိတ်ဆက်လာနိုင်ခဲ့ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ နိုင်ငံခြားကုန်သွယ်မှုဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး Meng Yue က ပြောကြားခဲ့သည်။

ဥပမာအားဖြင့် တရုတ်နိုင်ငံသည် ၎င်း၏ စက်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများဖြစ်သည့် လျှပ်စစ် ကားများ၊ စမတ်ဖုန်းများနှင့် ပေါင်းစပ်ဆားကစ်များ (integrated circuits) ကဲ့သို့သော ကုန်ပစ္စည်းများ တင်ပို့မှုတွင် တစ်နှစ်ထက်တစ်နှစ် ၈ ဒသမ ၈ ရာခိုင်နှုန်း တိုးလာသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လ အတွင်း ပို့ကုန်ပမာဏ ယွမ်ငွေ ၉ ဒသမ ၇၂ ထရီလီယံအထိ တင်ပို့ဆောင်ရွက်နိုင်သဖြင့် နိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၅၉ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။

အရင်းမြစ်။ http://en.people.cn/n3/2024/0911/c90000-20217586.html

 

                                                             (စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့)

 

Category: International News