International News

ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအား ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရောက်ရှိရန်မျှော်မှန်းထားရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ခုနှစ်ထက် ၁.၄၅ ဆတိုးကာ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း၊ အာဆီယံတွင် အဆင့် ၄ နှင့် ကမ္ဘာ့အဆင့် ၃၃ နေရာတွင် ရပ်တည်လျက်ရှိကြောင်းဖြင့် ဝန်ကြီးချုပ် Pham Minh Chinh က အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား ညီလာခံတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ GDP သည် ယခုနှစ်တွင် ၇ ရာခိုင်နှုန်းခန့် တိုးလာမည်ဟု ခန့်မှန်းထားပြီး GDP တိုးတက်မှုမှာ လျာထားချက်၏ ၆ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းကို ကျော်လွန်သွားကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁-၂၀၂၅ ကာလ အတွင်း နှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်မည်ဟု ခန့်မှန်းထား ကြောင်းသိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ဒေသတွင်းနှင့် ကမ္ဘာတွင်အမြင့်မားဆုံး နိုင်ငံများထဲတွင် ပါဝင်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်၏ နောက်ဆုံး အချက်အလက်များအရ နိုင်ငံ၏ GDP သည် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄၆ ဘီလီယံ မှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃၃ ဘီလီယံ သို့ မြင့်တက်လာခဲ့ကြောင်း၊ ဝန်ကြီးချုပ်က လူတစ်ဦးလျှင် GDP သည်၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃,၇၂၀ မှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄,၉၀၀ ဝန်းကျင်အထိ ၃၂ ရာခိုင်နှုန်းနီးပါး တိုးလာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လာမည့်နှစ်တွင်လည်း တိုးတက်မှုအရှိန် အဟုန်မြှင့်တင်ရန်နှင့် အောင်မြင်မှုများ ဖန်တီးရန်အတွက် အရေးကြီးပါကြောင်း၊ အစိုးရက GDP တိုးတက်မှုနှုန်း ၆.၅ မှ ၇ ရာခိုင်နှုန်း ကြားနှင့် စားသုံးသူစျေးနှုန်းညွှန်းကိန်း ၄.၅ ရာခိုင်နှုန်းဝန်းကျင်ရရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ဆယ်စုနှစ်အကုန်တွင် အစိုးရသည် နှစ်စဉ် GDP တိုးတက်မှုနှုန်း ၇.၅ မှ ၈.၅ ရာခိုင်နှုန်း အထိ အောင်မြင်ရန် ရည်မှန်းထားသည်။ လူတစ်ဦးလျှင် GDP သည် ၂၀၃၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇,၄၀၀ မှ ၇,၆၀၀ သို့ရောက်ရှိရန် မျှော်မှန်းထားပြီး၊ နိုင်ငံအား ခေတ်မီစက်မှု လုပ်ငန်းများ နှင့် ခန့်မှန်းခြေစီးပွားရေးဒေါ်လာ ၇၈၀ မှ ၈၀၀ ဘီလီယံအထိ အလယ်အလတ်ဝင်ငွေ မြင့်မားသော ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် အနေအထားတွင် ထားရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့အရှိန်အဟုန်နှင့် ဆောင်ရွက်ပါက ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအကြီးဆုံး ၃၀ နိုင်ငံ စာရင်းမှာ ပါဝင်လာမည်ဖြစ်ကြောင်း၊ ၎င်းသည် ၂၀၄၅ ခုနှစ်တွင် ဗီယက်နမ်အတွက် ဝင်ငွေမြင့်မားပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာရန် ခိုင်မာသည့် အခြေခံအချက် တစ်ခုဖြစ်လာ မည် ဟု ဝန်ကြီးချုပ် Chinh က ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

Source: https://en.vietstock.vn/2024/

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

 

Category: International News