International News

တရုတ်နိုင်ငံသည် ဂျပန်ကို ကျော်တက်၍ အာရှတွင် ထောပတ်သီး အများဆုံးတင်သွင်းသူဖြစ်လာ

Last Updated:

စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကဘဏ္ဍာရေးအရင်းအမြစ်ဖြစ်သည့် နိုင်ငံတကာအခြေစိုက် နယ်သာလန်ဘဏ် Rabobank ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြောက်အမေရိကနှင့်ဥရောပတို့သည် ကမ္ဘာ့ထောပတ်သီးတင်သွင်းမှု၏ (၈၈)%ကို ပိုင်ဆိုင်ထားကြောင်း၊ အာရှနိုင်ငံများ၏ ထောပတ်သီးတင်သွင်းမှုသည် လျင်မြန်စွာတိုးတက်လာ၍ ၂၀၂၃ ခုနှစ်တွင် တန်ချိန်(၁၈၄,၀၀၀)အထိ ရောက်ရှိလာပြီး (၂၉)%တိုးလာခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံကိုကျော်တက်၍ အာရှ၏ ထောပတ်သီး တင်သွင်းမှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၄ ခုနှစ်မတိုင်မီက တရုတ်နိုင်ငံ၏ ထောပတ်သီးတင်သွင်းမှုသည် မပြောပလောက်သည့် ပမာဏသာရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် တန်ချိန် (၄၀,၀၀၀)အထိ လျင်မြန်စွာ တိုးတက်လာ ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ထောပတ်သီးတင်သွင်းမှုသည် တန်ချိန် (၄၁,၀၀၀)မှ တန်ချိန်(၆၆,၀၀၀)အထိ မြင့်တက်လာပြီး၊ သွင်းကုန် (၆၁)% တိုးလာခဲ့ကြောင်း၊ တစ်ချိန်တည်း တွင် အာရှ၌ ယခင်က ထောပတ်သီး တင်သွင်းမှုအများဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ထောပတ်သီးတန်ချိန် (၆၂,၀၀၀)တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

International Trade Center မှ အချက်အလက်များအရ ပီရူးသည် တရုတ်နိုင်ငံသို့ ထောပတ်သီး အများဆုံးတင်ပို့ရောင်းချသူဖြစ်၍ ၂၀၂၃ ခုနှစ်တွင် တင်ပို့မှု တန်ချိန်(၅၀,၀၀၀) အထိ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် (၇၉)% တိုးလာခဲ့ကြောင်း၊ ပီရူးသည် တရုတ်နိုင်ငံရှိ ထောပတ်သီး ဈေးကွက်ဝေစု၏ (၇၆)%ကို ပိုင်ဆိုင်ထားပြီး ချီလီက (၁၂)% နှင့် ကင်ညာက (၆.၆)% ပိုင်ဆိုင်ထားကြောင်း၊ မက္ကဆီကိုနိုင်ငံသည် အစောပိုင်းတွင် တရုတ်နိုင်ငံသို့ ထောပတ်သီးတင်ပို့မှု၌ ထိပ်တန်းနိုင်ငံဖြစ်ခဲ့သော်လည်း ၎င်း၏တင်ပို့မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တင်ပို့ခဲ့သည့် တန်ချိန်(၂,၀၀၀)သည် စျေးကွက်ဝေစု၏ (၃.၁)%သာရှိကြောင်း သိရှိရပါသည်။

ကင်ညာသည် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ထောပတ်သီးများ စတင်တင်ပို့ခဲ့ပြီး ပထမနှစ်တွင် တန်ချိန်(၄၄၄)သာတင်ပို့ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် တန်ချိန် (၄,၃၄၂) အထိ တစ်ဟုန် ထိုး မြင့်တက်လာခဲ့ပြီး အနာဂတ်တွင် ပိုမိုကြီးမားသောစျေးကွက်ဝေစုရရှိရန် အလားအလာများ ရှိနေကြောင်း သိရှိရပါသည်။

အာရှရှိ လူတစ်ဦးချင်း၏ ထောပတ်သီးစားသုံးမှုသည် (၀.၀၅)ကီလိုဂရမ်အောက်ဖြစ်ပြီး ဥရောပရှိ လူတစ်ဦးချင်း၏ ထောပတ်သီးစားသုံးမှု (၁.၆)ကီလိုဂရမ်နှင့် အမေရိကန်ရှိ လူတစ်ဦးချင်း၏ ထောပတ်သီးစားသုံးမှု (၃.၅)ကီလိုဂရမ်ထက် သိသိသာသာလျော့နည်းကြောင်း Rabobank  အစီရင်ခံစာက ဖော်ပြထားကြောင်း၊ သို့သော်လည်း အာရှရှိ စားသုံးသူများသည် ထောပတ်သီးနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာခြင်းကြောင့် ဒေသတွင်း ဈေးကွက်အလားအလာမှာ အလွန်ကြီးမားကြောင်း  သိရှိရပါသည်။

ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့မှ ထုတ်ပြန်သော OECD-FAO Agricultural Outlook 2024-2033 အစီရင်ခံစာတွင် အပူပိုင်းအသီးအနှံများအနက် ထောပတ်သီးသည် ထုတ်လုပ်မှုပမာဏ အနိမ့်ဆုံး ဖြစ်သော်လည်း ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း အလျင်မြန်ဆုံးတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့အရှိန်အဟုန်ဖြင့်တိုးတက်လာမှုသည် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရ ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာခြင်း၊ တစ်ဟက်တာမှ ပြန်လည်ရရှိသည့် အကျိုးအမြတ်များ ပြားခြင်းနှင့် ပို့ကုန်ဈေးနှုန်းမှ အမြတ်ရရှိခြင်းများသည် ထောပတ်သီးအဓိက ထုတ်လုပ်သည့် နိုင်ငံများနှင့် ထောပတ်သီးစတင်စိုက်ပျိုးသည့်နိုင်ငံများအားလုံးကို စိုက်ပျိုးဧရိယာများ တိုးချဲ့ရန် တွန်းအားဖြစ်စေမည်ဟု မျှော်လင့်ထားကြောင်း၊ ၂၀၃၃ ခုနှစ်တွင် ထောပတ်သီး ထုတ်လုပ်မှုသည် တန်ချိန် (၁၄)သန်းအထိရောက်ရှိမည်ဖြစ်ပြီး နှစ်စဉ် တိုးတက်မှုနှုန်း (၃.၅)% ရှိ မည်ဖြစ်၍ ၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် ပမာဏထက် သုံးဆပိုများလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထောပတ်သီးထုတ်လုပ်မှုသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း ဒေသနှင့်နိုင်ငံ အနည်းငယ်တွင်သာ တည်ရှိနေနိုင်ဖွယ်ရှိကြောင်း၊ မက္ကဆီကို၊ ကိုလံဘီယာ၊ ပီရူးနှင့် ဒိုမီနီကန် သမ္မတနိုင်ငံတို့သည် လာမည့်ဆယ်စုနှစ်အတွင်း ထောပတ်သီးထုတ်လုပ်မှု သိသိသာသာ တိုးလာ မည်ဟု မျှော်လင့်ရပြီး ၂၀၃၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု၏ (၆၀)% ခန့်ရှိမည်ဟု  တွက်ချက်ထားကြောင်း သိရှိရပါသည်။

ထောပတ်သီးသည် နာနတ်သီးနှင့်သရက်သီးတို့ကို ကျော်လွန်၍ အစောဆုံးအဖြစ် ၂၀၂၅ ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုးအမြင့်ဆုံးဖြစ်လာမည့် အလားအလာရှိကြောင်း၊ ကမ္ဘာ့ပို့ကုန်ပမာဏ သည် ၂၀၃၃ ခုနှစ်တွင် တန်ချိန် (၄.၃)သန်းအထိ ရောက်ရှိ၍ ကမ္ဘာ့ပို့ကုန်တန်ဖိုးသည် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၀.၄)ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ထောပတ်သီးများ သည် တန်ဖိုးအရှိဆုံး အသီးအနှံများအနက်မှတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

အခြားထောပတ်သီးတင်ပို့သည့်နိုင်ငံများထံမှ ပြိုင်ဆိုင်မှုတိုးလာသော်လည်း မက္ကဆီကို သည် ၂၀၃၃ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက်ဝေစု၏ (၅၃)%ဖြင့် ကမ္ဘာ့အကြီးဆုံး ထောပတ်သီးတင်ပို့ သူအဖြစ် ရပ်တည်နိုင်မည်ဟု မျှော်လင့်ရကြောင်း၊ လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်၏ စဉ်ဆက်မပြတ် ဝယ်လိုအားကြောင့် မက္ကဆီကို၏ ထောပတ်သီးထုတ်လုပ်မှုသည် နှစ်စဉ် တိုးတက် မှုနှုန်း(၃.၆)%ရှိမည်ဟု မျှော်မှန်းထားကြောင်း၊ ထောပတ်သီး ဒုတိယအများဆုံးတင်ပို့သည့် ပီရူး သည် အဓိကအားဖြင့် ဥရောပသမဂ္ဂမှ ကြီးထွားလာသော ဝယ်လိုအားကြောင့် ကမ္ဘာ့ပို့ကုန် ဈေးကွက်ဝေစု၏ (၂၅)% ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ထောပတ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့သည် ထောပတ်သီး အဓိကတင်သွင်းသည့် ဈေးကွက်များအဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး ၂၀၃၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ တင်သွင်းမှု၏ (၄၆)% နှင့် (၂၅)% အသီးသီးရှိမည်ဟု ခန့်မှန်းထား ကြောင်း၊ ဗြိတိန်၊ ကနေဒါ၊ တရုတ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၌လည်း ဝင်ငွေတိုးခြင်းနှင့် စားသုံးသူများ၏ ကြိုက်နှစ်သက်မှု ပြောင်းလဲလာခြင်းတို့ကြောင့် ထောပတ်သီးတင်သွင်းမှု သိသိသာသာတိုးလာမည်ဟု ခန့်မှန်းထားကြောင်း၊ ထို့အပြင် ထောပတ်သီးထုတ်လုပ်သည့်နိုင်ငံအများစုတွင် အထူးသဖြင့် ကိုလံဘီယာ၊ ဒိုမီနီကန်သမ္မတနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဝင် ငွေတိုးလာသဖြင့် လူတစ်ဦးချင်းထောပတ်သီးစားသုံးမှု တိုးလာမည်ဟု မျှော်မှန်းထားကြောင်းလည်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ထောပတ်သီးစားသုံးမှုသည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာလျက်ရှိပြီး စားသုံးသူအများစုသည် ထောပတ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူများကို ပိုမိုနားလည်လာ သဖြင့် ဝယ်လိုအား ပိုမိုတိုးတက်လာမည်ဖြစ်၍ မြန်မာ့ထောပတ်သီးအတွက် အလားအလာ အလွန်ကောင်းသည့် ဈေးကွက်ကြီးဖြစ်ရာ ဈေးကွက်ဝင်ရောက်ခွင့် ဆောလျင်စွာရရှိစေရန် တွန်းအားပေးဆောင်ရွက်သင့်ပါသည်။

 

Source: https://www.producereport.com/article/china-overtakes-japan-asias-largest-avocado-importer

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 

 

 

Category: International News