International News

ဟောင်ကောင်ဒေသ၏ စီးပွားရေးဝန်းကျင်နှင့်စပ်လျဉ်း၍ အမေရိကန်၏ ပြောကြားချက်မှာ အခြေ အမြစ်မရှိကြောင်း ဟောင်ကောင်ဒေသအစိုးရပြောကြား

Last Updated:

အမေရိကန်အစိုးရမှ မကြာသေးမီက ထုတ်ပြန်လိုက်သည့် ဟောင်ကောင်ဒေသ၌ စီးပွား ရေးလုပ်ကိုင်နေသည့် လုပ်ငန်းများအတွက် သတိပေးချက်မှာ အခြေအမြစ်မရှိသည့် ဖန်တီးပြောဆိုမှုဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရ၊ ငွေတိုက်နှင့် ငွေရေးကြေးရေးဝန်ဆောင်မှုဝန်ကြီး Christopher Hui Ching-yu က ပြောကြားခဲ့ကြောင်း The Standard သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် “Govt refutes US remarks on HK business environment as unfounded” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဟောင်ကောင် ဒေသ၏ တရားရေးစနစ်နှင့် စီးပွားရေးဝန်းကျင်တို့နှင့်စပ်လျဉ်း၍ မကြာသေးမီက ပြင်ဆင်ထုတ်ပြန်လိုက်သည့် စီးပွားရေးအကြံပြုချက်အပေါ် ငွေတိုက်နှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုဝန်ကြီးက ယခုကဲ့သို့ တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ အခြေခံဥပဒေ၏ Article 23 ကို အကောင်အထည်‌ဖော်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဆောင်ရွက်ချက်များကို ထိခိုက်စေပြီး အမေရိကန်ကုမ္ပဏီများအနေဖြင့် တရားရေးနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည့် အလားအလာရှိသည်ဟု အမေရိကန်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်နှင့် ဥရောပမှ ရင်းနှီးမြှုပ်နှံမှုအပါအဝင် ဟောင်ကောင်ဒေသ၏ စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ တိုးတက်လာခဲ့ခြင်းကြောင့် ဟောင်ကောင်ဒေသ၏ ဈေးကွက်အနေအထားကို ယုံကြည်မှုရှိနေပြီး အမေရိကန်မှ ချဲ့ကားပြော ဆိုနေခြင်းဖြစ် ကြောင်း၊ စီးပွားရေးကဏ္ဍနှင့် ကုန်သည်အဖွဲ့အစည်းများ အနေဖြင့်လည်း အပြုသဘောရှိနေကြသည်ဟု ငွေတိုက်နှင့် ငွေရေးကြေးရေးဝန်ဆောင်မှုဝန်ကြီးက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် ဟောင်ကောင်ဒေသတွင် လုပ်ငန်းလာရောက်လုပ်ကိုင်နေသည့် လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များမှ ဟောင်ကောင်ဒေသ၏ အခြေအနေအပေါ် အမြင်လွဲမှားစေမည့် စီးပွားရေးအကြံပြုချက် ထုတ်ပြန်ခြင်းကဲ့သို့သော အခြေအမြစ်မရှိသည့် စွပ်စွဲမှုများ မပြုလုပ်ရန် ဟောင်ကောင်ဒေသအစိုးရမှ တိုက်တွန်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၌ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အထောက်အကူပြုသည် လုံခြုံစိတ်ချရသည့် တည်ငြိမ်သည့်ဝန်းကျင်ရှိနေပြီး၊ အဆိုပါတည်ရှိမှုကို နိုင်ငံအချို့၏ အစိုးရများမှ ထုတ်ပြန်သည့် စီးပွားရေးအကြံပြုချက်များကြောင့် ပြောင်းလဲမသွားနိုင်ကြောင်း၊ လွတ်လပ်စွာ ကုန်သွယ်နိုင်သည့် ဟောင်ကောင်ဒေသအနေဖြင့် အမေရိကန်ကုမ္ပဏီများ အပါအဝင် ကမ္ဘာတစ်လွှားမှ ကုမ္ပဏီများကို ဟောင်ကောင်ဒေသနှင့် မကာပင်လယ်ကွေ့ဒေသမှ စီးပွားရေးအခွင့်အလမ်းများ ရယူနိုင်ရန်အတွက် ဖိတ်ခေါ်လျက်ရှိသည်ဟု ဒေသအစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း စသည်ဖြင့် ရေးသား‌ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

 

Category: International News