International News

ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၂၀၂၄ ခုနှစ်၊ ပထမ (၇) လတွင် (၄၅.၆)ရာခိုင်နှုန်းတိုးလာ

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည် ဦးရေသည် ၂၀၂၄ ခုနှစ်၊ ပထမခုနစ်လတွင် တစ်နှစ်ထက်တစ်နှစ် (၄၅.၆)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထား ကြောင်း သိရှိရပါသည်။

ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ခရီးသွား စုစုပေါင်း (၄၆၃,၉၈၀)ဦး လာရောက်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် (၃၁၈,၄၉၈)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၄၅.၆)ရာခိုင်နှုန်းတိုးလာသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။

အဆိုပါကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတကာမှခရီးသွားဧည့်သည် ဝင်ရောက်မှု စုစုပေါင်း (၃.၇၄) သန်းရှိသည့်အနက် တရုတ်ခရီးသွားဧည့်သည်များသည် (၁၂.၄)ရာခိုင်နှုန်းရှိ ကြောင်း၊ ထိုင်းနှင့် ဗီယက်နမ်ပြီးလျှင် တရုတ်သည် ကမ္ဘောဒီးယားသို့ လာရောက်သည့် တတိယမြောက်ခရီးသွားဧည့်သည်အများဆုံးနိုင်ငံဖြစ်ကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။

ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Top Sopheak က တရုတ်ခရီးသွားများ လာရောက်လည်ပတ်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသောကြောင့် ခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂၀၂၄ ကမ္ဘောဒီးယား-တရုတ် ပြည်သူချင်းဖလှယ်ရေးနှစ်သည် ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ခရီးသွားများ လာရောက်ရန် ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ဖနွမ်းပင် အခြေစိုက် လွတ်လပ်သောအဖွဲ့အစည်းဖြစ်သည့် Asian Vision Institute မှ သုတေသီ Yen Samnang က People-to-People Exchange Year ၏ အကူအညီဖြင့် ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

People-to-People Exchange Year သည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အဓိကမောင်းနှင်အားဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ ခရီးသွားများ သာမက တရုတ်ရင်းနှီးမြှုပ်နှံသူများကိုပါ ဆွဲဆောင်နိုင်ပြီး အလုပ်အကိုင်ဖန်တီးမှုနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စေမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများတင်ပို့ခြင်း၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍတို့အပြင် ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုသည့် အဓိကမဏ္ဍိုင်လေးရပ်အနက် တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ယူနက်စကိုမှ စာရင်းသွင်းထားသော ကမ္ဘာ့အမွေအနှစ်နေရာ (၄)ခုရှိပြီး Siem Reap ပြည်နယ် အနောက်မြောက်ပိုင်းရှိ အန်ကောရှေးဟောင်းသုတေသန ဥယျာဉ်၊ Kampong Thom ပြည်နယ် အလယ်ပိုင်းရှိ Sambor Prei Kuk ဘုရားကျောင်းဇုန်၊ Preah Vihear ဘုရားကျောင်း နှင့် အနောက်မြောက်ပိုင်း Preah Vihear ပြည်နယ်ရှိ Koh Ker ရှေးဟောင်း သုတေသနနယ်မြေတို့ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် အနောက်တောင်ပိုင်းပြည်နယ်လေးခုဖြစ်သည့် Sihanoukville၊ Kampot၊ Kep နှင့် Koh Kong တို့တွင် အရှည် (၄၅၀) ကီလိုမီတာခန့်ရှိသော ကမ်းရိုးတန်းတစ်ခုရှိကြောင်း သိရှိရပါသည်။

Source: en.people.cn/n3/2024/0823/c90000-20209398.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 

 

Category: International News