International News

ကမ္ဘာ့ရှစ်ခုမြောက် အကြီးမားဆုံးလက်ဖက်ခြောက်တင်ပို့သူ ဗီယက်နမ်နိုင်ငံဖြစ်လာ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ကမ္မာ့ရှစ်ခုမြောက် အကြီးမားဆုံးလက်ဖက်ခြောက်တင်ပို့သူဖြစ်ပြီး ယခုနှစ်၏ ပထမ ၇ လတွင် လက်ဖက်ခြောက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်‌ဒေါ်လာ ၁၃၅ သန်း ရရှိခဲ့ကာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၃၄.၈ % မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ လက်ဖက်ခြောက်တင်ပို့သည့် ပျမ်းမျှဈေးနှုန်းသည် တစ်တန်ကို ၁၂၇၂.၇ အမေရိကန် ဒေါ်လာရှိခဲ့ပြီး ၁.၆ % မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ(၁)လတည်းတွင် လက်ဖက်ခြောက် တင်ပို့မှုတန်ချိန် ၁၆၀၀၀ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉ သန်း ဝင်ငွေရရှိခဲ့ကာ ၁၄.၅% နှင့် ၆.၈% အသီးသီးမြင့်တက်ခဲ့သည်ဟု စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ပကုန်သွယ်ရေး အေဂျင်စီ၏ အချက်အလက်များအရ သိရပါသည်။ ဗီယက်နမ်နိုင်ငံတင်ပို့သည့် လက်ဖက်ခြောက်ထုတ်ကုန်များတွင် Green tea ၊ Black tea နှင့် Oolong tea တို့ ပါဝင်ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံးလက်ဖက်ခြောက်တင်ပို့သူများထဲတွင် ပါဝင်နေသော်လည်း အဓိကတင်သွင်းသည့် ဈေးကွက်များသို့ ဗီယက်နမ်လက်ဖက်ခြောက်တင်ပို့မှု ပမာဏမှာ သင့်ရုံမျှ ပမာဏသာရှိကြောင်း သိရပါသည်။ သို့သော် ဗီယက်နမ်နိုင်ငံ၏ တင်ပို့မှုပမာဏမြင့်တက်လာရန် သိသာထင်ရှားသည့် အခွင့်အလမ်းများရှိကြောင်း သိရပါသည်။ အထူးသဖြင့် ယခုနှစ်၏ ပထမ (၄)လတွင် ကမ္ဘာ့အကြီးဆုံးလက်ဖက်ခြောက်တင်သွင်းသည့် ဥရောပသမဂ္ဂ၏ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၀၁ သန်းရှိပြီး  ထိုပမာဏထဲမှ ၀.၁၉ %ကို သာ ဗီယက်နမ်ထံမှ တင်သွင်းကြောင်း သိရပါသည်။ သို့သော် ဥရောပသမဂ္ဂသည် လက်ဖက်ခြောက်အရည်အသွေးအတွက် မြင့်မားသည့် လိုအပ်ချက်များကို မြှင့်တင်ခဲ့သောကြောင့် တင်ပို့သူများမှာ စည်းမျဉ်းသစ်များအပေါ် ၎င်းတို့ကိုယ်တိုင် ပြုပြင်မွမ်းမံကြရတော့မည် ဖြစ်ပါသည်။ ပါကစ္စတန်သည် ကမ္ဘာ့ဒုတိယအကြီးမားဆုံး လက်ဖက်ခြောက်တင်သွင်းသူဖြစ်သော်လည်း အဆိုပါဈေးကွက်သို့ ဗီယက်နမ် လက်ဖက်ခြောက်တင်ပို့မှုမှာ ဈေးကွက်သတင်းအချက်အလက် ရရှိမှုကင်းမဲ့ခြင်းကြောင့် သင့်ရုံမျှသာရှိကြောင်း သိရပါသည်။ အမေရိကန်နှင့် ဗြိတိန်ကဲ့သို့သော အခြားအဓိကတင်သွင်းသူများ၏ ဝယ်လိုအားမှာ မြင့်တက်လျက်ရှိသောကြောင့် ဗီယက်နမ်နိုင်ငံအတွက် ဈေးကွက်တိုးချဲ့ရန် သိသာသည့် အခွင့်အလမ်းများရှိနေကြောင်း သိရပါသည်။ သုတေသနနှင့် ဈေးကွက်လေ့လာမှု အချက်အလက်များအရ ကမ္ဘာ့လက်ဖက်ခြောက်ဈေးကွက်သည် ၂၀၁၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၄.၃ ဘီလီယံရှိရာမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလီယံရောက်ရှိရန် မျှော်လင့်ရကြောင်း သိရပါသည်။

Source: Vietnam Plus

Source: https://www.doca.gov.mm

Category: International News