International News

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် သားရေနှင့် ဖိနပ် တင်ပို့မှုသည် ဒေါ်လာ ၂၇ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်း

Last Updated:

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ သားရေနှင့် ဖိနပ်ထုတ်ကုန်များ၏ တင်ပို့မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ မှ ၂၇ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရှိရပါ သည်။

အဆိုပါကဏ္ဍမှ ယခုနှစ်ပထမ ၇ လတွင် ပို့ကုန်ဝင်ငွေဒေါ်လာ ၁၀.၁၄ ဘီလီယံကျော် ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀.၄ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ကိန်းဂဏန်းများအရ သိရှိရပါသည်။

လက်ကိုင်အိတ်ထုတ်ကုန်များ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၆၂ ဘီလီယံကျော် ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇.၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းများသည် ဤကဏ္ဍမှ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၇၇.၉ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထား သည်။

စီးပွားရေးလုပ်ငန်းအများအပြားသည် ၂၀၂၄ ခုနှစ်တစ်ခုလုံးအတွက် ပို့ကုန်စာချုပ်များ ရရှိကာ ၂၀၂၃ နှစ်ကုန်မှ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ ကဏ္ဍ၏အဓိက ပို့ကုန်ဈေးကွက် များမှာ မြောက်အမေရိက၊ EU နှင့် အာရှတို့ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ကဏ္ဍအတွက် အရေးပါသော ဈေးကွက်များမှာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ယူကေ၊ တောင်ကိုရီးယား၊ ကနေဒါ၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဩစတေးလျ၊ မက္ကဆီကို၊ UAE နှင့် ထိုင်ဝမ် (တရုတ်) တို့ဖြစ်ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၈၈.၄ ရာခိုင်နှုန်းကျော် ရှိကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် ကမ္ဘာပေါ်တွင် တရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယအကြီးဆုံး ဖိနပ်ထုတ်လုပ်သူဖြစ်ပြီး ဒုတိယအကြီးဆုံး တင်ပို့သည့်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News