International News

အိန္ဒိယအစိုးရသည် ပို့ကုန်လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကူညီထောက်ပံ့ပေးလျက်ရှိသည့် အဓိကအစီအစဉ်နှစ်ခုကို ထပ်မံသက်တမ်းတိုးမြှင့်သွားဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတွင် ပို့ကုန်လုပ်ငန်းရှင်များ၏ယှဉ်ပြိုင်နိုင်စွမ်းကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ပို့ကုန်များအပေါ်ပေးဆောင်ရသော အခွန်အခများကို ပြန်လည်တောင်းခံနိုင်သည့်အစီအစဉ်(Remission of Duties and Taxes on Exported Products -RoDTEP, scheme)နှင့် အတိုးနှုန်းညီမျှခြင်းအစီအစဉ် (Interest Equalisation Scheme -IES)နှစ်ရပ်ကို သက်တမ်းထပ်မံတိုးမြှင့်သွားဖွယ်ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၈ ရက်က ဖော်ပြသည်။

RoDTEP အစီအစဉ်သည် ပို့ကုန်များထုတ်လုပ်စဉ်က သွင်းအားစုများအတွက် ကုန်ကျခဲ့သောအခွန်အခများကို အစိုးရမှ ပြန်လည်ထုတ်ပေးသည့်အစီအစဉ်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သို့သော် ယခုအခါ ထုတ်ကုန်လိုင်းပေါင်း ၁၀၀၀၀ ကျော်အပေါ် ခွင့်ပြုထားသည့် အဆိုပါအစီ အစဉ်ကို သက်တမ်းဆက်လက်၍ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ RoDTEP ကို အနည်းဆုံး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ကုန်အထိ သက်တမ်းတိုးမြှင့်သွားမည်ဖြစ်ပြီး၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ခွင့်ပြုသွားဖွယ်ရှိကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သော တာဝန်ရှိသူတစ်ဦးက businessline သတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။ RoDTEP အရ အကျုံးဝင်မှုမရှိသော အချို့သောသံနှင့် သံမဏိပစ္စည်းများကို ၎င်းအတိုင်း ဆက်လက်ထားရှိဖွယ်ရှိကြောင်းလည်း သိရသည်။

အိန္ဒိယအစိုးရဘဏ္ဍာရေးအတွင်းဝန်မှ ဦးဆောင်၍ သုံးလတစ်ကြိမ်ကျင်းပပြုလုပ်သော RoDTEP နှင့် RoSCTL အစီ အစဉ်များထိန်းကျောင်းရေးကော်မတီအစည်းအဝေးကို မကြာမီကျင်းပသွားရန်ရှိပြီး၊ အဆိုပါအစည်းအဝေး၌ RoDTEP အစီအစဉ်အား သက်တမ်းတိုးမြှင့်ရန်နှင့်အချိန်ကာလသတ်မှတ်သွားရန်ရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

လေ့လာသုံးသပ်မှုများအရ အကယ်၍ ပို့ကုန်တင်ပို့မှုအခြေအနေ ယခုအတိုင်းပုံမှန်ဆက်လက်၍ နှေးကွေးနေဦးမည်ဆိုပါက ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် သတ်မှတ်ရန်ပုံငွေ ရူပီး ၁၆၀၇၅ ကာရိုး(၁၆၀.၇၅ ဘီလီယံ)ဖြင့် စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊သို့သော် အကယ်၍ ပို့ကုန်များသိသိသာသာ တိုးတက်တင်ပို့မှုရှိလာပါက ဘဏ္ဍာငွေ ထပ်မံခွဲဝေပေးရန်တင်ပြရမည်ဖြစ်ကြောင်း၊ RoSCTL အစီအစဉ်ဘက်၌ ဘဏ္ဍာငွေသုံးစွဲမှုသက်သာနိုင်သည်ကို ကြိုတင်တွက်ဆထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားသည်။

RoSCTL သို့မဟုတ် ပြည်နယ်နှင့် ဗဟိုအစိုးရမှ စည်းကြပ်သောအခွန်အခများကို ပြန်လည်၍ တောင်းခံခွင့်အစီ အစဉ်(Rebate of State & Central Taxes and Levies scheme)သည် အထည်ချုပ်လုပ်ငန်းထုတ်ကုန်များအတွက် သီးသန့်သတ်မှတ်ထားသောအစီအစဉ်တစ်ရပ်ဖြစ်ပြီး RoDTEP အစီအစဉ်နှင့် အလားသဏ္ဍာန်တူညီသည်။

ယခုနှစ်အတွက် အထည်ချုပ်ပို့ကုန်များတင်ပို့မှု ပုံမှန်အတိုင်းရှိပြီး၊ သတ်မှတ်ဘတ်ဂျက်ဖြစ်သော ရူပီး ၈၀၀ ကာရိုး(၈ ဘီဘီယံ)၏ ၁၀ ရာခိုင်နှုန်းခန့်အား သုံးစွဲသွားရန်ရှိကြောင်း၊ ၎င်းမှ ပိုလျှံလာသည့် အသုံးစရိတ်ကို RoDTEP အစီအစဉ်အတွက် ခွဲဝေသုံးစွဲသွားသင့်သည်ဟု ထင်မြင်ကြောင်း၊ သို့သော် ဘဏ္ဍာရေးအတွင်းဝန်ဦးဆောင်သော ကော်မတီအစည်းအဝေးကသာ ယင်းသို့ဆုံးဖြတ်သွားဖွယ်ရှိသည်ဟု အဆိုပါသတင်းရင်းမြစ်က ရှင်းလင်းဖော်ပြ သည်။

MSME မဟုတ်သော အကျိုးခံစားခွင့်ရှိသောကဏ္ဍ(၄၁၀)ခုအတွက် အကျုံးဝင်သည့် အတိုးနှုန်းညီမျှခြင်းအစီအစဉ်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် သတ်မှတ်ကာလကုန်ဆုံးပြီဖြစ်သဖြင့် ၎င်းအား သက်တမ်းတိုးနိုင်ရေး ဦးစားပေးလုပ်ဆောင်သွားဖွယ်ရှိကြောင်း၊ MSME ကဏ္ဍအတွက်ကိုမူ သက်တမ်း(၂)လထပ်မံတိုးမြှင့်ပေးခဲ့ပြီး၊ ယခုလကုန်တွင် သတ်မှတ်ကာလကုန်ဆုံးမည်ဖြစ်ကြောင်း၊အဆိုပါအစီအစဉ်အရ အကျိုးခံစားခွင့်ရှိသော ပို့ကုန်လုပ်ငန်းရှင်များအတွက် ချေးငွေများကို အစိုးရသတ်မှတ်သည့်ထောက်ပံ့နှုန်းထားအတိုင်း ထုတ်ချေးပေးကြောင်းသိရသည်။

အဆိုပါသက်တမ်းကုန်ဆုံးသွားသောအစီအစဉ်အရ ခံစားခွင့်ရှိသူအားလုံးအတွက် အတိုးနှုန်းသက်သာရေးအစီ အစဉ်(The interest subvention scheme)ကို သက်တမ်းတိုးမြှင့်ရန်ကိစ္စနှင့်စပ်လျဉ်း၍ အသုံးစရိတ်ဆိုင်ရာ ဘဏ္ဍာရေးကော်မတီအစည်းအဝေး(Expenditure Finance Committee-EFC)တွင် မကြာမီတင်ပြသွားရန်ရှိပြီး၊ ဗဟိုအစိုးရထံ ဆက်လက်တင်ပြအတည်ပြုသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးဌာနကအနေဖြင့် ၎င်းအား သက်တမ်း ၅ နှစ် တိုးမြှင့်ရန်ဆန္ဒရှိသော်လည်း (EFC) နှင့် အစိုးရအဖွဲ့တို့၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ နှစ်အလိုက်ကုန်စည်တင်ပို့မှု တိုးတက်မှုနှုန်း ၄ ဒသမ ၁၅ ရာခိုင်နှုန်းရှိပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၁၂ ဘီလီယံ ရှိသည်။ ပထဝီနိုင်ငံရေးအကြပ်အတည်းနှင့် တိုးမြင့်လာသော ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများကြောင့် ဇူလိုင်လပို့ကုန် ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၉၈ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယအစိုးရသည် ပို့ကုန်လုပ်ငန်းရှင်များ၏ယှဉ်ပြိုင်နိုင်စွမ်းကို ကူညီထောက်ပံ့ပေးနိုင်ရေးအစီအစဉ်များချမှတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ မကြာမီသက်တမ်းကုန်ဆုံးတော့မည့် ပို့ကုန်များအပေါ်ပေးဆောင်ရသော အခွန်အခများကို ပြန်လည်တောင်းခံနိုင်သည့်အစီအစဉ်(Remission of Duties and Taxes on Exported Products-RoDTEP, scheme)နှင့် ယခုနှစ် ဇွန်လကုန်က သက်တမ်းကုန်ဆုံးခဲ့သော အတိုးနှုန်းညီမျှခြင်းအစီအစဉ်(Interest Equalisation Scheme-IES) နှစ်ရပ်ကို ဘဏ္ဍာငွေရရှိမှုအခြေအနေအရ အချိန်ကာလတစ်ခုအထိ ထပ်မံသက်တမ်းတိုးသွားဖွယ်ရှိပါသည်။

ရည်ညွှန်း။          The Hindu Businessline, Two major export promotion schemes likely to get extension, August 18, 2024  

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News