International News

တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများကို အဟောင်းပေးအသစ်ယူသည့် အစီအစဉ်သည် စားသုံးသူဈေးကွက်ကို တွန်းအားဖြစ်စေ

Last Updated:

တရုတ်နိုင်ငံသည် စားသုံးသူများ၏ အသုံးစရိတ်ကို လှုံ့ဆော်ရန် သိသာထင်ရှားသော တွန်းအားပေးမှုအဖြစ် ကဏ္ဍများစွာတွင်ကျယ်ပြန့်သော အဟောင်းပေးအသစ်ယူမူဝါဒကို အကောင်အ ထည်ဖော်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါလုပ်ဆောင်ချက်သည် မော်တော်ယာဥ်နှင့် အိမ်သုံးပစ္စည်းများမှသည် အိမ်ခြံမြေအထိပါ ဝင်ပြီး ခေတ်မီခြင်းမရှိတော့သည့် ပစ္စည်းဟောင်းများကို ပို၍အဆင့်မြင့်ပြီး ခေတ်မီသော ပစ္စည်းအသစ်များဖြင့် အစားထိုးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

လူသုံးကုန်ပစ္စည်းများအတွက် အဟောင်းပေးအသစ်ယူအစီအစဉ်များသည် ကုန်ပစ္စည်းများကို အစားထိုးလဲလှယ်ရုံသာမက နည်းပညာအဆင့်မြှင့်တင်မှုများနှင့် အရည်အသွေးမြှင့်တင်မှုများကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဤအစီအစဉ်သည် အရည်အသွေးမြင့် ထုတ်ကုန်များကို ဆောင်ကြဉ်းပေးရုံသာမက စားသုံးသူဝယ်လိုအားကို လှုံ့ဆော်ပေးခြင်း၊ ပြည်တွင်းသုံးစွဲမှုကို အားကောင်းစေခြင်းနှင့် စီးပွားရေးပြန်လည်ဦးမော့လာမှုကို အားဖြည့်ပေးခြင်းများ ဖြစ်ပေါ်စေ ကြောင်းနှင့် ယင်းအစီအစဉ်သည် စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ တိုးတက်မှု အတွက် သိသာထင်ရှားသော အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

ကျန်းစူးပြည်နယ်အရှေ့ပိုင်းတွင် နေထိုင်သူ Wu Qiang သည် အဟောင်းပေး အသစ်ယူအစီ အစဉ်မှတစ်ဆင့် ၎င်း၏ သက်တမ်း (၁၆)နှစ်ရှိ လောင်စာဆီသုံးကားကို လျှပ်စစ်ကားတစ်စီးဖြင့် အစားထိုးလဲလှယ်ခြင်းအတွက် ယွမ် (၂၀,၀၀၀) (အမေရိကန်ဒေါ်လာ ၂၈၀၃ ခန့်) ထောက်ပံ့ ကြေးကို မကြာသေးမီက လက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။

အစပိုင်း၌ ၎င်း၏ကားဟောင်းကို အရောင်းကိုယ်စားလှယ်ထံတွင် ယွမ် (၄၀၀၀)ဖြင့် ရောင်းချရန် စဉ်းစားခဲ့ကြောင်း၊ ၎င်း၏ရွေးချယ်မှုများကို ချိန်ဆနေချိန်တွင် တရုတ်နိုင်ငံသည် ပြည်သူ များအား ၎င်းတို့၏ယာဉ်ဟောင်းများကို ဖျက်သိမ်းကာ အသစ်များဝယ်ယူရန် အားပေးသည့်အနေဖြင့် ငွေကြေးမက်လုံးများတိုးမြင့်ပေးသည့် ထုတ်ပြန်ချက်တစ်စောင်ကို ပြီးခဲ့သည့် သီတင်း ပတ်က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ထုတ်ပြန်ချက်အရ စွမ်းအင်သစ်ခရီးသည်တင်ယာဉ်များအတွက် ထောက်ပံ့ကြေးများသည် ဧပြီလတွင် ယွမ် (၁၀,၀၀၀)သာရှိခဲ့ရာမှ ယခုအခါ ယွမ်(၂၀,၀၀၀)အထိ နှစ်ဆတိုးလာခဲ့ကြောင်း၊ လောင်စာဆီသုံးခရီးသည်တင်ယာဉ်များကို အဟောင်းပေးအသစ်ယူခြင်းအတွက် ထောက်ပံ့ ကြေးများသည် ယွမ် (၇၀၀၀) မှ (၁၅၀၀၀) အထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

FAW-Volkswagen၊ BAIC နှင့် Chery Automobile ကဲ့သို့သော အဓိက မော်တော်ကား ထုတ် လုပ်သည့် ကုမ္ပဏီများသည်လည်း ၎င်းအစီအစဉ်၌ ပါဝင်ကြပြီး အဟောင်းပေးအသစ်ယူခြင်းအတွက် ယွမ် (၆၀,၀၀၀)အထိ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၂-၈-၂၀၂၄ ရက်နေ့အထိ မော်တော်ယာဉ်လဲလှယ် ခြင်းအတွက် ထောက်ပံ့ကြေးတောင်းခံသည့် လျှောက်လွှာပေါင်း (၆၈၀,၀၀၀)ကျော် လက်ခံရရှိ ထားပြီးဖြစ်ကြောင်း၊  ဇန်နဝါရီလမှ ဇူလိုင်လအထိ ကားအစီးရေ (၃.၅)သန်းကျော်ကို ဖျက်သိမ်း ခြင်း၊ ပြန်လည်ရောင်းချခြင်းများပြုလုပ်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၃၇.၄)ရာခိုင်နှုန်း တိုးမြင့် လာခဲ့ကြောင်း သိရှိရပါသည်။

အိမ်သုံးပစ္စည်းကဏ္ဍတွင် အဟောင်းပေးအသစ်ယူအစီအစဉ်ကိုလည်း အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ပေကျင်းမြို့ခံ Yu Qian သည် မကြာသေးမီက ရေခဲသေတ္တာအသစ်တစ်လုံးကို ဝယ်ယူခဲ့ကြောင်း၊ ၎င်း၏ ရေခဲသေတ္တာအဟောင်းကို အသစ်ဖြင့်လဲလှယ်ခဲ့ရာ  မူလကယွမ် (၈,၉၉၉) ကျသင့်မည်ဖြစ်သော်လည်း အဟောင်းပေးအသစ်ယူငွေကြေးထောက်ပံ့မှုနှင့် ဆိုင်၏ အမျိုးမျိုးသော လျှော့စျေးများကြောင့် ယွမ် (၇၀၂၀)သာ ကျသင့်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံရှိ အဓိကအိမ်သုံးပစ္စည်းလက်လီရောင်းချသူ Suning မှ အရောင်းကြီးကြပ်ရေးမှူး Zhang Haibo က ဖောက်သည်အများအပြားကို အစိုးရထောက်ပံ့ကြေးများ၊ လျှော့စျေးများ နှင့် အမှတ်တံဆိပ်အရောင်းမြှင့်တင်မှုများအပြင် အဟောင်းပေးအသစ်ယူအစီအစဉ်ဖြင့် ဆွဲဆောင် ထားကြောင်း သိရှိရပါသည်။

Suning ၏ အချက်အလက်များအရ ၎င်း၏စားသုံးသူ (၄၀)ရာခိုင်နှုန်းနီးပါးသည် ယခုနှစ် အတွင်း လေအေးပေးစက်များ၊ အဝတ်လျှော်စက်များနှင့် မျက်နှာပြင်ကြီးမားသောတီဗီများ အပါအဝင် အိမ်သုံးပစ္စည်းအသစ်များကို အဟောင်းပေးအသစ်ယူအစီအစဉ်များမှတစ်ဆင့် ဝယ် ယူရန် ရွေးချယ်ခဲ့ကြောင်း သိရှိရပါသည်။

JD.com နှင့် Taobao ကဲ့သို့သော တရုတ်နိုင်ငံ၏ e-commerce ပလပ်ဖောင်းများသည် လည်း သုံးစွဲသူများအတွက် မတူကွဲပြားသော အဟောင်းပေးအသစ်ယူအစီအစဉ်များကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ Macroeconomic Research အကယ်ဒမီမှ Wu Sa က လူဦးရေများပြား သော တရုတ်နိုင်ငံသည် တာရှည်ခံကုန်ပစ္စည်းများအတွက် ဈေးကွက်ကြီးမားသဖြင့် အစားထိုးလဲ လှယ်သည့်ဈေးကွက်သည်လည်း သိသာထင်ရှားသော အလားအလာများရှိနေကြောင်း၊ မော် တော်ယာဥ်ဟောင်းများနှင့် အိမ်သုံးပစ္စည်းများကို အစားထိုးလဲလှယ်သည့် စျေးကွက်သည် ယွမ် (၁)ထရီလီယံ ကျော်လွန်သွားဖွယ်ရှိကြောင်း သိရှိရပါသည်။

အိမ်ခြံမြေကဏ္ဍတွင်လည်း အဟောင်းပေးအသစ်ယူအစီအစဉ်ကို လုပ်ဆောင်ခဲ့ပြီး မြို့ပေါင်း (၁၀၀) ကျော်တွင် အိမ်ပိုင်ရှင်များအား ထပ်ဆောင်းပေးငွေဖြင့် အိမ်ရာအဟောင်းများကို အသစ်ဖြင့် လဲလှယ်ရန် တိုက်တွန်းအားပေးလျက်ရှိကြောင်း၊ ဤအစီအစဥ်အရ ယန်စီမြစ်ဝကျွန်းပေါ်ဒေသတွင် မြို့အချင်းချင်းအကြား အိမ်ရာများ အဟောင်းပေးအသစ်ယူခြင်းကို ပထမဆုံး အကြိမ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ဤအစီအစဥ်သစ်အရ အိမ်ပိုင်ရှင်များသည် Wuxi မြို့အတွင်း၌သာမက အနီးနားရှိ Suzhou မြို့နှင့် Changzhou မြို့များရှိ ကြိုတင်စနစ်ဖြင့် ပိုင်ဆိုင်ထားသော လူနေအိမ်ရာများကို Wuxi မြို့၏ Liangxi ခရိုင်ရှိ အိမ်ရာအသစ်များ၌ အဟောင်းပေးအသစ်ယူခြင်းကို ပြုလုပ်နိုင်ကြောင်း သိရှိရပါသည်။

Wuxi မြို့တွင် အလုပ်လုပ်သော်လည်း Suzhou မြို့တွင် အိမ်ပိုင်ဆိုင်သူ Guo Feng သည် ယခုအစီအစဉ်ကြောင့် Suzhou မြို့ရှိ သူ၏အိမ်ကို Wuxi မြို့ရှိ အိမ်ခန်းအသစ်တစ်ခုနှင့် လဲလှယ် နိုင်ကြောင်း သိရှိရပါသည်။ လက်ရှိတွင် ဤအဟောင်းပေးအသစ်ယူအစီအစဉ်အရ အရောင်းအဝယ်ပေါင်း  (၁၄၀)နီးပါး ဖြစ်မြောက်ခဲ့ကြောင်း သိရှိရပါသည်။

ဤအစီအစဉ်သည် အဆင့်မြင့်ပြီး ဂေဟစနစ်နှင့်သဟဇာတဖြစ်၍ ပုဂ္ဂိုလ်ရေးသီးသန့် ရွေးချယ်မှုများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး စားသုံးသူများ၏ ဝယ်ယူမှုပုံစံသည် အရည် အသွေးနှင့် ဆန်းသစ်တီထွင်မှုဆီသို့ ပြောင်းလဲသွားသည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြကြောင်း သိရှိရပါသည်။

ပြည်တွင်းသုံးစွဲမှုသည် GDP တိုးတက်မှုအတွက် အဓိကကျသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ရာ ယခုအဟောင်းပေးအသစ်ယူအစီအစဉ်သည်လည်း ပြည်သူများ၏ သုံးစွဲမှုကိုမြှင့်တင်ခြင်းမှ တစ် ဆင့် နိုင်ငံ၏စီးပွားရေးပြန်လည်ဦးမော့လာစေရန်နှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် တရုတ်အစိုးရ၏ ဆောင်ရွက်ချက်များအနက်မှတစ်ခုဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

Source: https://english.news.cn/20240824/05f3a71e0faf42c7a2a9b11f9ca0e3b4/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News