International News

ဗီယက်နမ်နိုင်ငံ ကွမ်နင်းပြည်နယ်သည် အမျိုးသားနေ့အားလပ်ရက်တွင် ခရီးသွားများ ပိုမိုလာရောက်ရန် မျှော်လင့်

Last Updated:

ယူ့နက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုဖြစ်သည့် မြောက်ပိုင်းပြည်နယ် ကွမ်နင်းမြို့ရှိ ဟာလောင်း (Ha Long Bay) တွင် စက်တင်ဘာလ (၂) ရက်နေ့ အားလပ်ရက်၌ ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရန် ပွဲတော်နှစ်ခုကို ကျင်းပမည်ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန် ရှိသူတစ်ဦးက သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ရွက်လှေ၊ လေထီးခုန်ခြင်းနှင့် ရေကစားပွဲတော်ကို သြဂုတ် ၂၄ ရက်မှ စတင်ရန် စီစဉ်ထားကြောင်း၊ မီးပုံးပျံပွဲတော်ကို စက်တင်ဘာ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ ပွဲများသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဟာလောင်းရှိဆွဲဆောင်မှုရှိသော နေရာများကို မိတ်ဆက်ပေးရန် မျှော်မှန်းထားကြောင်း မြို့တော်ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ Nguyen Ngoc Son က ပြောကြားခဲ့ပါသည်။

Ha Long – City of Festivals တွင် ပွဲတော်ပေါင်း (၃၁) ခုပါဝင်ပြီး စီးပွားရေးလုပ်ငန်းများစွာမှ ပံ့ပိုးကူညီမှုများ ရှိခဲ့ကြောင်း အဆိုပါ တာဝန်ခံမှ ပြောကြားခဲ့ပါသည်။

ကွမ်နင်းပြည်နယ်သည် ယခုနှစ် ၇ လအတွင်း ခရီးသွားကဏ္ဍ၌ အပြုသဘောဆောင်သော တိုးတက်မှုကို ရရှိလျက်ရှိပြီး ယခုနှစ်တွင် ခရီးသွားဧည့်သည် ၁၇ သန်းရရှိရန် ရည်မှန်းချက်များကို ၁၉ သန်းထိရရှိရန် ပြန်လည်ပြင်ဆင်ခဲ့ကြောင်းဖော်ပြထားသည်။

ယခုနှစ် ပထမ ၇ လအတွင်း ပြည်နယ်သို့ ဧည့်သည် ၁၃ သန်း ဝင်ရောက်ခဲ့ပြီး ၎င်းသည် ယခင်နှစ် အလားတူကာလထက် ၂၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။ ခရီးသွားလုပ်ငန်းမှ စုစုပေါင်း၀င်ငွေမှာ ဗီယက်နမ်ဒေါင် ၂၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၆ ဘီလီယံ) ခန့်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် ၄၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ အဆိုပါဒေသသို့ လာရောက်လည်ပတ်သူဦးရေမှာ နိုင်ငံခြားဧည့်သည် ၂.၂ သန်းကျော်ရှိပြီး အဆိုပါ အရေအတွက်သည် ၂၀၂၃ ခုနှစ် ခရီးသွားအရေအတွက်နှင့် တူညီကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam News

(စီးပွားရေးသံမှူး ၊ဗီယက်နမ်)

 

Category: International News