International News

ဟိုချီမင်းမြို့တွင် နိုင်ငံတကာ ပရိဘောဂနှင့် အိမ်သုံးအသုံးအဆောင်ပစ္စည်းများ ပြပွဲကို ဖွင့်လှစ်

Last Updated:

ဒုတိယအကြိမ်မြောက် ဗီယက်နမ် အာဆီယံ နိုင်ငံတကာ ပရိဘောဂနှင့် အိမ်သုံးပစ္စည်းများ ပြပွဲ (VIFA ASEAN 2024) ကို ဟိုချီမင်းမြို့တွင် သြဂုတ်လ ၂၇ ရက်က ဖွင့်လှစ်ကျင်းပခဲ့ကြောင်း Vietnam Plus အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ပြပွဲအား ဗီယက်နမ်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (VCCI - HCM)၊ Lien Minh Wood Handicrafts JSC နှင့် ဗီယက်နမ်နိုင်ငံအုန်းသီးအသင်းတို့မှပူးပေါင်း၍ ပို့ကုန်တိုးမြှင့်ရန်နှင့် ဗီယက်နမ်ရှိ ပရိဘောဂနှင့် လက်မှုလုပ်ငန်းကဏ္ဍတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ပြန်လည်ကောင်းမွန်လာကြောင်း VCCI-HCM ၏ ဒါရိုက်တာ Tran Ngoc Liem က ပြောကြားခဲ့ပါသည်။ ဇန်နဝါရီလမှ ဇူလိုင်လအထိ ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၂၇ ဘီလီယံရှိပြီး သစ်အချော ထည်ပစ္စည်းများ တင်ပို့မှုမှ ၁၀.၇ ဘီလီယံရှိကြောင်း၊ ယခင်နှစ်အလားတူ ကာလထက် ၂၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ အဓိကဈေးကွက်များမှာ အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့ဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှ ပို့ကုန်သိသိသာသာ တိုးမြင့်တင်ပို့ရလျက်ကြောင်းဖော်ပြထား သည်။

ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ပြန်လည်ဦးမော့လာသော်လည်း ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ကြမ်းများတွင် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရလျက်ရှိရာ ရေရှည်တည်တံ့သော တိုးတက်မှုကို ထိန်းသိမ်းရန်အတွက် ဗီယက်နမ်လုပ်ငန်းများသည် ထုတ်ကုန်အရည်အသွေးကို မြှင့်တင်ရန်နှင့် ဈေးကွက် များကွဲပြားစေရန် အကြံပြုထားသည်။ VIFA ASEAN ကဲ့သို့သော နိုင်ငံတကာ ကုန်စည်ပြပွဲ များသည် စီးပွားရေးလုပ်ငန်းများ၏ လက်လှမ်းမီမှုကို ချဲ့ထွင်ရန်နှင့် အမှာစာ အသစ်များ လက်ခံရရှိရန်အတွက် အခွင့်အလမ်းများတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

VIFA ASEAN 2024 တွင် ဗီယက်နမ်နိုင်ငံနှင့် အခြားနိုင်ငံပေါင်း ၁၃ နိုင်ငံမှ ပြခန်းပေါင်း ၂၀၀ ကျော် လာရောက်ပြသခဲ့ကြောင်း၊ ပြခန်းများတွင် ပရိဘောဂများ၊ လက်မှုပစ္စည်းများနှင့် အိမ်အလှဆင် ပစ္စည်းအများအပြားကို ပြသထားကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ အဆင့်မြင့်ကုန် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လေ့လာကြည့်ရှုလိုသည့် နိုင်ငံတကာဝယ်လက်များအတွက် စက်ရုံ ခရီးစဉ်လည်ပတ်မှုများအတွက်လည်း ပံ့ပိုးပေးပါကြောင်း ဖော်ပြထားသည်။

အဆိုပါကုန်စည်ပြပွဲအား ဩဂုတ် ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာကုမ္ပဏီများအတွက် မိတ်ဖက်များနှင့် စျေးကွက်အခွင့်အလမ်းများကို ရှာဖွေရန်အတွက် ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News