International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပိုမိုကျယ်ပြန့်သည့် တံခါးဖွင့်စီးပွားရေးပုံစံ ဆောင်ရွက်နိုင်ရေး ဦးစားပေး အစီအမံများချမှတ်ထား

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၀န်ကြီး Mr. Wang Wentao က တရုတ်နိုင်ငံ၏ဈေးကွက်ကို ပြင်ပကမ္ဘာသို့ ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်ရန် ရည်ရွယ်ထားသည့် ဦးစားပေး အစီအမံများကို ယခုလအစောပိုင်းက ကျင်းပခဲ့သည့် ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ တတိယမြောက် မျက်နှာစုံညီအစည်းအဝေးအပြီး အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

CPC စုံညီအစည်းအဝေးတွင် ပြုလုပ်ခဲ့သော မဟာဗျူဟာစီမံချက်များကို အကောင်အထည်ဖော် ရေးအတွက် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အာဏာပိုင်များက အဆင့် အတန်းမြင့်မားသော အပြည်ပြည်ဆိုင်ရာစီးပွားရေးနှင့် ကုန်သွယ်မှုစည်းမျဉ်းများအရ နိုင်ငံနှင့်လိုက်လျော ညီထွေဖြစ်စေရေးချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကာကွယ်ရေးဆိုင်ရာ စံနှုန်းများ၊ စီမံခန့်ခွဲမှု၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိစေရေး၊ စက်မှုလုပ်ငန်းဆိုင်ရာထောက်ပံ့မှု များ၊ ပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းများ၊အလုပ်သမားကာကွယ်ရေး၊ အစိုးရဝယ်ယူမှု၊ နယ်စပ်ဖြတ်ကျော်  e-commerce၊ ဘဏ္ဍာရေးကဏ္ဍစသည်တို့ပါဝင်ကြောင်း ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ တံခါးဖွင့်ဆောင်ရွက်မှုများ တိုးမြှင့် ခြင်း၊ ကမ္ဘာ့စီးပွားရေးအုပ်ချုပ်မှုကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွင် တက်ကြွစွာပါဝင်ခြင်း၊ WTO ဗဟိုပြု ဘက်စုံကုန်သွယ်မှုစနစ် ကာကွယ်စောင့်ရှောက်ခြင်းနှင့် ၎င်း၏ ဦးတည်ချက်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့် လွတ်လပ်သောကုန်သွယ်မှုဧရိယာများ ချဲ့ထွင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  လည်းသိရှိရပါသည်။

တစ်ချိန်တည်း၌ အလယ်အလတ်တန်းစားကုန်စည်နှင့် အစိမ်းရောင်ကုန်သွယ်မှုအပါအဝင် နိုင်ငံခြား ကုန်သွယ်မှုတိုးတက်စေမည့် မောင်းနှင်အားသစ်များတိုးမြှင့်ရန်၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ် မှုမြှင့်တင်ရေးအတွက် negative list စာရင်းကို အပြည့်အဝအသုံးချခြင်းနှင့် နယ်စပ်ဖြတ်ကျော်   e-commerce ဆိုင်ရာ ရှေ့ပြေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနယ်ပယ်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၌ စျေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များ အားလုံးကို အမြန်ဆုံးဖယ်ရှားနိုင်ရေး ဦးတည်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံအာဏာပိုင်များသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် negative list စာရင်းကို သင့်လျော်သလို ပြုပြင်ကာ ဆက်သွယ်ရေး၊ အင်တာနက်၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အခြားကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့်ပွင့်လင်းမှုရှိစွာဖြင့် ကောင်းမွန်သောရည်ရွယ်ချက်များထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ လွန်ခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့ သော အစီရင်ခံစာအရ ယခုနှစ် ဒုတိယသုံးလပတ် စစ်တမ်းကောက်ယူထားမှုအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းကျော်က အနာဂတ်ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ် သက်၍ တရုတ်ဈေးကွက်မှာ ဆွဲဆောင်မှု မြင့်တက်လျက်ရှိကြောင်း ဖော်ပြထားသည်ဟု သိရှိရပါသည်။

ဈေးကွက်စီးပွားရေးကို ဦးတည်ဆောင်ရွက်ခြင်း၊ ဥပဒေအခြေခံနှင့် နိုင်ငံတကာနှင့်လိုက်လျော ညီထွေရှိစေရေးဆောင်ရွက်ခြင်း၊ နိုင်ငံခြားမြှုပ်နှံမှုလုပ်ငန်းများအတွက်ဆွေးနွေး၍ ပြင်ဆင်ဆောင်ရွက် ခြင်း၊ အဆိုပါလုပ်ငန်းများ၏ထုတ်လုပ်မှုနှင့်သက်ဆိုင်သည့်ကိစ္စရပ်များတွင် နိုင်ငံမှဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအလိုက်သေချာခိုင်မာမှုရှိစေခြင်း၊ လိုင်စင်လျှောက်ထားမှုများ၊ အစိုးရဝယ်ယူမှုဆိုင်ရာစံနှုန်းများသတ်မှတ်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အကျိုး စီးပွားကာကွယ်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေခြင်းစသည်ဖြင့် ပထမအဆင့်ရှိ စီးပွား ရေးပတ်ဝန်းကျင် တည်ထောင်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရှိရပါသည်။

တရုတ်ကုမ္ပဏီများအနေဖြင့်လည်း လုပ်ငန်းများ ကမ္ဘာအနှံ့ ချဲ့ထွင်ခြင်းဖြင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကိုမြှင့်တင်ရန်၊ နိုင်ငံရပ်ခြားတွင်သွားရောက်ရင်းနှီးမြှုပ်နှံသည့် တရုတ်စီးပွားရေးလုပ်ငန်း များကို အကာအကွယ်ပေးနိုင်ရန်၊ လုပ်ငန်းဆောင်ရွက်မှု ယန္တရားများမြှင့်တင်ရန်နှင့် အဖွဲ့အစည်း များပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးတို့ စီမံဆောင်ရွက်ရန်၊ အဆိုပါလုပ်ငန်းများအတွက် ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှုများ တိုးမြှင့်ဆောင်ရွက်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ လွယ်ကူချောမွေ့စေရေး စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ အဆင်ပြေချောမွေ့စေရေးဆောင်ရွက်ရန်တို့ပါဝင် ကြောင်းသိရှိရပါသည်။

ထို့အပြင် တရုတ်နိုင်ငံသည် ၎င်း၏ ရှေ့ပြေး လွတ်လပ်သော ကုန်သွယ်မှုဇုန်များကို အဆင့်မြှင့် တင်ကာဟိုင်နန် လွတ်လပ်သောကုန်သွယ်မှု ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ Belt and Road Initiative (BRI) ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တရုတ်နိုင်ငံသည် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ဉာဏ်ရည်တုနည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စွမ်းအင်၊ အခွန် ကောက်ခံမှု၊ ဘဏ္ဍာရေးနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် နိုင်ငံစုံပလက်ဖောင်းများမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်စေရေး နှစ်ဆတိုးကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် BRI လက်အောက်ရှိ အခြားနိုင်ငံများနှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီ ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေး စာချုပ်များ ချုပ်ဆိုရန်လည်း ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

 

Source: Interview: China's commerce minister lays out priorities for broadening opening up - People's Daily Online

ဒေါ်သင်းသင်းအောင်

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

Category: International News