တရုတ်နိုင်ငံ၏ နည်းပညာမြင့်ကုန်ထုတ်လုပ်မှု၊ စိမ်းလန်းသောစွမ်းအင်နှင့် ဒစ်ဂျစ်တယ်စက်မှု လုပ်ငန်းစသည့် ကဏ္ဍများတွင် တိုးတက်မှုများကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) စီးဆင်းမှု သည် ၂၀၂၅ ခုနှစ်တွင် ဆက်လက် အားကောင်းလာမည်ဟု မျှော်လင့်ထားကြောင်း စျေးကွက်စောင့်ကြည့်သူများနှင့် နိုင်ငံခြားစီးပွားရေး အမှုဆောင်အရာရှိများက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ FDI စီးဆင်းမှုသည် ယွမ် ၇၄၉ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၃ ဘီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၇ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယင်းကျဆင်းမှုသည် ဇန်နဝါရီလမှ အောက်တိုဘာလထိ ကာလအတွင်း ကျဆင်းလာမှုနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျလာကြောင်း၊ အဆိုပါ ကျဆင်းမှု လျော့ကျလာသည်မှ သုံးလဆက်တိုက် ရှိပြီဖြစ်ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ပထဝီဝင်နိုင်ငံရေး အခြေအနေ တင်းမာမှုများ မြင့်တက်လာခြင်းနှင့် နိုင်ငံတကာ စီးပွားရေးတွင် ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက်များ ပြတ်တောက်ခြင်း စသည့် စိန်ခေါ်မှုများ ရှိနေသော်လည်း နိုင်ငံစုံ ကော်ပိုရေးရှင်းများ၏ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှု အပေါ် “စောင့်ဆိုင်းကြည့်ရှု” (wait-and-see) သည့် သဘောထား အပြင် ကမ္ဘာ့နေရာ အတော်များများ၌ စီးပွားရေး ပြန်လည် ဦးမော့လာရန် နှေးကွေး လာမှုကို တရုတ်အနေဖြင့် ရင်ဆိုင်ရသည်။ တရုတ်နိုင်ငံ၏ FDI စီးဆင်းမှု သည် နိုဝင်ဘာလတွင် တစ်နှစ် ထက်တစ်နှစ် ၆ ရာခိုင်နှုန်း တိုးလာသည်။
တစ်ချိန်က အပြိုင်အဆိုင်ဖြစ်ခဲ့သော နိုင်ငံခြားကုမ္ပဏီများ အထူးသဖြင့် လုပ်သားအင်အားများသော ကုမ္ပဏီများအနေဖြင့် အချိန်ကြာလာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်မှု လိုအပ်ချက်အတွက် မသင့်လျော်သော အခြေအနေ ဖြစ်လာခြင်းကြောင့် တစ်ကမ္ဘာလုံးရှိ ကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာများကို ပြုပြင်ပြောင်းလဲခဲ့ကြကြောင်း ဘေဂျင်းရှိ တရုတ် လူမှုရေးသိပ္ပံအကယ်ဒမီနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံဌာနမှ သုတေသနပညာရှင် Gao Lingyun က ပြောကြားခဲ့ပါသည်။
နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံ၏ ခိုင်မာသော ထောက်ပံ့ပို့ဆောင်ရေး အခြေခံ အဆောက်အအုံ (robust logistics infrastructure) ၊ အကြီးစား ထုတ်လုပ်မှုစွမ်းရည်များ (large-scale production capabilities) နှင့် ယှဉ်ပြိုင်နိုင်သော ဈေးနှုန်း ဗျူဟာများ (competitive pricing strategies) အပါအဝင် ခေတ်မီ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များ နှင့် ပွင့်လင်းမြင်သာသော မူဝါဒများ စသည့် နိုင်ငံ၏ အားသာချက်များကို အကျိုးရှိစွာ အသုံးချနေကြောင်း Gao က ပြောကြားခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လာမှု အခြေအနေကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ဆောင်မှုများ ကုန်သွယ်ခြင်း (trade in services) ၊ ပစ္စည်းသစ်များ (new materials) ၊ ဓာတုဗေဒ ပစ္စည်းများ (chemicals) နှင့် နည်းပညာသုံး အစိမ်းရောင်ထုတ်ကုန်များ ထုတ်လုပ်ခြင်း (tech-intensive green products manufacturing) စသည့် ကဏ္ဍများတွင် သိသိသာသာ တွေ့ရှိရကြောင်း နိုင်ငံတော် ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန စင်တာရှိ နိုင်ငံခြားစီးပွားဆက်ဆံရေးဌာနမှ လက်ထောက် အကြီးအကဲ Luo Yuze က ပြောကြားခဲ့သည်။
နိုင်ငံစုံ ကုမ္ပဏီများအတွက် ထိရောက်မှုအပေါ် အခြေခံ၍ ချိတ်ဆက်ဆောင်ရွက်နိုင်မှု အများဆုံး ရှိသည့် ဒေသများသည် ဗျူဟာမြောက် တိုးချဲ့ဆောင်ရွက်နိုင်မည့် အဓိက ဦးစားပေး ဒေသများ ဖြစ်လာသည်။ ယင်းသို့ ဆောင်ရွက်မှုသည် လုပ်ငန်းချိတ်ဆက်နိုင်မှု (industry connectivity) ၊ ပြည့်စုံစွာ ဆောင် ရွက်နိုင်မှု (complementarity) နှင့် အသုံးချနိုင်မှု (accessibility) စသည့် အချက်များနှင့် ဆက်စပ်လျက် ရှိကြောင်း Luo က ပြောကြားခဲ့သည်။
ဤသဘောထားအမြင်ကို ထောက်ခံသည့်အနေဖြင့် အမေရိကန်အခြေစိုက် အထူးပြုဓါတုဗေဒ နှင့် စွမ်းရည်မြင့်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည့် Milliken & Company ၏ coating additives business ဒုဥက္ကဋ္ဌနှင့် စီးပွားရေး မန်နေဂျာ Jeff Losch က တရုတ်နိုင်ငံသည် နိုင်ငံ၏ ကြီးမား သော စွမ်းဆောင်နိုင်မှု သာမက ရေရှည်တည်တံရေးအတွက် ရှေ့ပြေးတွေးခေါ်မှု များကြောင့် Milliken ကုမ္ပဏီ၏ အဓိက ဈေးကွက်တစ်ခု ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
လျှပ်စစ်ကား (EV) နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ coating လုပ်ငန်းများ၌ ဝယ်လိုအား အားကောင်း လျက်ရှိသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ တရုတ်နိုင်ငံ၏ EV လုပ်ငန်းသည် အလွန်အားကောင်းခဲ့ပြီး ယခု နှစ်များတွင် တရုတ် EV ထုတ်လုပ်သူများအနေဖြင့် နိုင်ငံများစွာရှိ စျေးကွက်များသို့ ထိုးဖောက်လာနိုင်သည်ကို မြင်တွေ့ရပါကြောင်း Losch က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ EV စျေးကွက် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုသည် coating လုပ်ငန်းအတွက် သိသာ ထင်ရှားသော အခွင့်အလမ်းများကို ဖန်တီးပေးခဲ့သည်။ EV ထုတ်လုပ်မှုတွင် မြင့်မားသောကြာရှည်ခံမှု (high durability) နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ (environmental standards) စသည့် Milliken ၏ ဆန်းသစ်တီထွင်မှုများနှင့် ပိုမိုလိုက်လျောညီထွေမှု ရှိသော coating များ လိုအပ်လာမည် ဖြစ်သည်။
စျေးကွက်ဝေစုကို ပိုမိုသိမ်းပိုက် နိုင်ရန်အတွက် အမေရိကန်ကုမ္ပဏီအနေဖြင့် ၎င်း၏ ဆန်းသစ်တီထွင်မှုလုပ်ငန်းတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန်၊ အရောင်းကွန်ရက်များ ချဲ့ထွင်ရန်နှင့် တရုတ်နိုင်ငံ အတွင်း ထောက်ပံ့ရေးကွင်းဆက်များ တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်။
၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ဖွံ့ဖြိုးပြီး နိုင်ငံအချို့မှ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးလာ ခဲ့ကြောင်း၊ ဂျာမနီနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်ထက်တစ်နှစ် ၁၀ ဒသသမ ၉ ရာခိုင်နှုန်း တိုးလာပြီး စင်ကာပူနိုင်ငံမှ ၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် ဆွစ်ဇာလန်နိုင်ငံမှ ၄ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။
တရုတ်ဈေးကွက်သို့ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ဆွစ်ဇာလန်တူရိယာထုတ်လုပ်သူ Endress + Hauser Group သည် တရုတ်နိုင်ငံ၊ ကျန်းစူး (Jiangsu) ပြည်နယ် စူးကျိုုး (Suzhou) မြို့တွင် ၎င်း၏ စက်ရုံ နှစ်ခုကို တိုးချဲ့ဆောက်လုပ်လျက်ရှိသည်။
အဆိုပါ တိုးချဲ့ဆောင်ရွက်မှုများသည် လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း ရင်းနှီးမြုပ်နှံမည့် ယွမ်ငွေ ၂ ဘီလီယံနှင့်အတူ တရုတ်နိုင်ငံရှိ ကုမ္ပဏီအတွက် ရေရှည်မဟာဗျူဟာမြောက်ဆောင်ရွက်မှု၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ နည်းပညာမြင့် စက်မှုလုပ်ငန်း ကြီးထွားဖွံ့ဖြိုးလာမှုသည် ကုမ္ပဏီအတွက် သိသာထင်ရှားသော စျေးကွက်အခွင့်အလမ်းများကို ဖန်တီးပေးခြင်း ဖြစ်ကြောင်း Endress + Hauser Group ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ Matthias Altendorf က ပြောကြားခဲ့သည်။
Semiconductors များနှင့် EV ထုတ်လုပ်မှုကဲ့သို့သော ထွန်းသစ်စကဏ္ဍများသည် ဖွံ့ဖြိုးလျက်ရှိ ကြောင်း၊ တိကျမှုမြင့်မားသော တိုင်းတာမှုနည်းပညာများ (high-precision measurement technologies) အတွက် ဝယ်လိုအားများ ဆက်တိုက်မြင့်တက်လျက်ရှိကြောင်းနှင့် ယင်းသို့ မြင့်တက်လာသော ၀ယ်လိုအားသည် နိုင်ငံခြားလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန်အတွက် အဓိက တွန်းအား တစ်ခု ဖြစ်ကြောင်း Altendorf က ပြောကြားခဲ့သည်။
အရင်းအမြစ်။ http://en.people.cn/n3/2024/1224/c90000-20257686.html
စီးပွားရေးသံမှူး၊ကူမင်းမြို့။