တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ရန်နှင့် စံချိန်စံညွှန်းမြင့် ဈေးကွက် ဖွင့်လှစ်မှုကို တိုးမြှင့်ရန်အတွက် လာမည့်နှစ်တွင် ကုန်ပစ္စည်းအချို့အပေါ် သွင်းကုန်ခွန်လျှော့ချ မည်ဟု အာဏာပိုင်များက ၂၈-၁၂-၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရှိရသည်။
နှစ်စဉ်အကောက်ခွန်ချိန်ညှိမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကုန်ပစ္စည်း (၉၃၅)မျိုး အပေါ် MFN Rate ထက်နည်းသော သွင်းကုန်ခွန်စည်းကြပ်မှုများကို ကျင့်သုံးမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် အကျုံးဝင်မည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၊ အကောက်ခွန် ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါအကောက်ခွန်လျှော့ချမှုသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများမှ တစ်ဆင့် ထုတ်လုပ်မှုစွမ်းအားသစ်များကို မြှင့်တင်ရန်၊ ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင် ရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော၊ ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုတို့ကို တိုးမြှင့်ရန် လိုအပ်ချက်များနှင့် ချိန်ညှိဆောင်ရွက်ခြင်းကြောင်း ကော်မရှင်က ပြောကြားခဲ့သည်ဟု သိရှိရသည်။
ဥပမာအားဖြင့် ရေနံဓာတုလုပ်ငန်းအတွက် အရေးကြီးသော အခြေခံပစ္စည်းများဖြစ်သည့် ethane၊ cycloolefin polymers နှင့် ethylene-vinyl alcohol copolymers အပါအဝင် အချို့ သောကုန်ကြမ်းများအတွက် အကောက်ခွန်များကို လျှော့ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ပြန်လည်အသုံးပြုထားသော ကြေးနီနှင့် အလူမီနီယမ်ကုန်ကြမ်းအချို့ကိုလည်း သွင်းကုန်ခွန်များ လျှော့ချပေးမည်ဖြစ်ကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့အပြင် မီးသတ်ကားများနှင့် ပြုပြင်ရေးယာဉ်များကဲ့သို့သော အထူးရည်ရွယ်ချက်ရှိသော မော်တော်ယာဉ်များအတွက် automatic transmissions များသည် သွင်းကုန်ခွန် သက်သာမည် ဖြစ်ကာ အဆိုပါမော်တော်ယာဉ်များ၏ ထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စေမည်ဖြစ်ပြီး ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေမည်ဟု လေ့လာသူများက ပြောကြားခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသည် ကင်ဆာနှင့် ရှားပါးသောရောဂါများ ကုသရန်အတွက် အချို့သော ဆေးဝါးများနှင့် ကုန်ကြမ်းများအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ကို ဆက်လက်ကျင့်သုံးမည်ဖြစ် ပြီး sodium zirconium cyclosilicate၊ viral vectors for CAR-T tumor therapy နှင့် ခွဲစိတ်မှုအတွက်လိုအပ်သည့် nickel-titanium alloy wires များကို အကောက်ခွန်လျှော့ချမည် ဖြစ်ကြောင်း သိရှိရသည်။
ဝယ်လိုအားများသော ဆေးဝါးကုန်ကြမ်းများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများအပေါ် တင်သွင်းခွန်များကို စဉ်ဆက်မပြတ် လျှော့ချခြင်းဖြင့် တရုတ်နိုင်ငံသည် ပြည်သူများအနေဖြင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီစေရန် ဆောင်ရွက်လျက်ရှိကြောင်း Tsinghua တက္ကသိုလ်၏ ပြည်သူ့မူဝါဒနှင့် စီမံခန့်ခွဲရေးကျောင်းမှ ဒုတိယဌာနမှူး Gao Yuning က ပြောကြားခဲ့သည်ဟု သိရှိရသည်။ တရုတ်နိုင်ငံသည် ၂၀၁၈ ခုနှစ်ကတည်းက ဆေးဝါးများနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများ အတွက် သွင်းကုန်ခွန်များကို လျှော့ချခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အကောက်ခွန်လျှော့ချမှုသည် လုပ်ငန်းများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ထိရောက်စွာ လျှော့ချပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ နည်းပညာဆန်းသစ်တီထွင်မှုကို မြှင့်တင်ပေး ကာ ရေနံဓာတုစက်မှုလုပ်ငန်း၏ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသောဖွံ့ဖြိုးတိုးတက်မှုကို လွယ်ကူ ချောမွေ့စေမည်ဖြစ်ကြောင်း China Petroleum and Chemical Industry Federation မှ သတင်းအချက်အလက်နှင့် ဈေးကွက်ဌာန လက်ထောက်အကြီးအကဲ Fan Min က ပြောကြားခဲ့ သည်ဟု သိရှိရသည်။
တရုတ်နိုင်ငံသည် စံနှုန်းမြင့်လွတ်လပ်သောကုန်သွယ်မှုဒေသများ၏ ကွန်ရက်ကို တိုးချဲ့ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် လာမည့်နှစ်တွင် လွတ်လပ်သောကုန်သွယ်မှုနှင့် ဦးစားပေး ကုန်သွယ်မှုအစီအစဉ် (၂၄)ခုအောက်ရှိ နိုင်ငံပေါင်း (၃၄)နိုင်ငံမှ ကုန်ပစ္စည်းအချို့အပေါ် သဘော တူထားသည့်အကောက်ခွန်နှုန်းထားများကို ကျင့်သုံးမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းတို့အနက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်အသက်ဝင်မည့် တရုတ်-မော်လ်ဒိုက် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အရ အကောက်ခွန်လျှော့ချမှုများ သည် နှစ်နိုင်ငံအကြား ကုန်စည်လိုင်း (၉၆)ရာခိုင်နှုန်းနီးပါးအပေါ် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသည် ၎င်းနှင့်သံတမန်ဆက်ဆံရေးရှိသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(၄၃)နိုင်ငံမှ ကုန်စည်လိုင်းအားလုံးအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ကို လာမည့်နှစ်တွင်လည်း ဆက်လက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကော်မရှင်ထံမှ သိရှိရသည်။
ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများ မြင့်တက်လာနေသော် လည်း တရုတ်နိုင်ငံသည် ၎င်း၏ ဈေးကွက်ကို ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ ယခုလအစောပိုင်းတွင် ကျင်းပခဲ့သည့် ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံတွင် တစ်ဖက်သတ် ဈေးကွက်ဖွင့်လှစ်ခြင်းကို စနစ်တကျ တိုးချဲ့ရန် ကတိပြုခဲ့ကြောင်း သိရှိရသည်။
စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် သိပ္ပံနည်းပညာဆိုင်ရာ တိုးတက်မှုကို ပံ့ပိုးပေးရန် အတွက် လျှပ်စစ်ခရီးသည်တင်ယာဉ်များကဲ့သို့သော ကုန်ပစ္စည်းများအတွက် သီးခြားအကောက် ခွန်နှုန်းဖြင့်ကောက်ခံမည့်ကုန်စည်များကို အသိပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းစက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် စျေးကွက်ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ်အခြေခံပြီး ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ ကတိကဝတ်များနှင့်အညီ battery diaphragms အပါအဝင် ကုန်ပစ္စည်း အချို့အပေါ် သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကော်မရှင်ထံမှ သိရှိရသည်။
Source: https://www.chinadaily.com.cn/a/202412/28/WS676f6537a310f1265a1d56a9.html
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)