၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံထိ မြင့်တက်ရောက်ရှိနိုင်ပြီး သမိုင်းဝင် ပမာဏတစ်ခုဖြစ်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။
ပထဝီဝင်နိုင်ငံရေး တင်းမာမှုများနှင့် ဥရောပသမဂ္ဂတွင် စီးပွားရေးကျဆင်းနေသော်လည်း ပို့ကုန်တန်ဖိုးသည် မှတ်တမ်းဝင်အမြင့်ပမာဏသို့ ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ထိုင်းလုပ်ငန်းများအတွက် အဓိက စိန်ခေါ်မှုမှာ ထုတ်ကုန်မှုကုန်ကျစရိတ်လျှော့ချခြင်းဖြစ်နိုင်ကြောင်း၊ နိုဝင်ဘာလအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၅.၆ ဘီလီယံသို့ ရောက်ရှိခဲ့သဖြင့် ၅ လဆက်တိုက် မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ပို့ကုန်တိုးတက်မှု အဓိကမှာ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် နည်းပညာဆက်စပ်သော ထုတ်ကုန်များကြောင့် ဖြစ်ကြောင်း၊ နိုင်ငံအများစု၏ ကုန်သွယ်မှု အသစ်ပုံစံနှင့် ပထဝီဝင်နိုင်ငံရေးစိန်ခေါ်မှုအလားအလာများကို ဖြေရှင်းနိုင်ရေး ချိန်ညှိလာမှုများ ကြောင့် ထုတ်လုပ်မှုဆက်စပ်သော ပို့ကုန်များသည်လည်း ကောင်းမွန်နေပါကြောင်း Thai National Shippers’ Council ဥက္ကဋ္ဌ Mr. Chaichan Charoensuk က ပြောကြားခဲ့ပါသည်။
ထိုင်းစိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်များ၏ ကမ္ဘာ့ဝယ်လိုအားသည်လည်း ပို့ကုန်စွမ်းဆောင်ရည်ခိုင်မာအောင် ထောက်ပံ့ပေးပါကြောင်း၊ ရာဘာ၊ လတ်ဆတ်၊ အေးခဲနှင့် ပြုပြင်ပြီး ကြက်သား၊ လတ်ဆတ်၊ အေးခဲနှင့် ပြုပြင်ပြီး သစ်သီးများ၊ ပင်လယ်စာစည်သွပ်ဗူးများ၊ တိရစ္ဆာန်အစာနှင့် သစ်သီးစည်သွပ်ဗူးများစသည့် စိုက်ပျိုးရေးနှင့် စက်မှုလယ်ယာထုတ်ကုန်များ၏ ပို့ကုန်သည် ၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ် ပစ္စည်းများ၊ ရာဘာထုတ်ကုန်များ၊ ယန္တရားများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ (ရွှေမပါ)၊ ဓာတုပစ္စည်းများ၊ လေအေးပေးစက်များနှင့် ထရန်စဖော်မာများစသည့် စက်မှုထုတ်ကုန်များ၏ ပို့ကုန် တန်ဖိုးသည် ၉.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ အမေရိကန်၊ တရုတ်၊ အီးယူ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ အပါအဝင် အဓိက ဈေးကွက်များသို့ ပို့ကုန်သည် တိုးတက်မှုရှိခဲ့သော် လည်း ဂျပန်နှင့် ကျန် အာဆီယံ (၅) နိုင်ငံသို့ ပို့ကုန်သည် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
ဒုတိယဈေးကွက်များဖြစ်သည့် တောင်အာရှ၊ ဩစတြေးလျ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ လက်တင်အမေရိကနှင့် ယူကေနိုင်ငံများသို့ ပို့ကုန်တိုးတက်ခဲ့သော်လည်း ရုရှားနှင့် ဓနသဟာယနိုင်ငံ များသို့ ပို့ကုန်သည် ကျဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ပို့ကုန်သည် အမေရိကန် ဒေါ်လာ ၂၇၅.၇ ဘီလီယံရှိခဲ့ပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၈၂ ဘီလီယံရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၆.၂၇ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။