International News

တရုတ်နိုင်ငံရှိ သရက်သီးဈေးနှုန်းများသည် နိုဝင်ဘာလတွင် သိသိသာသာ မြင့်တက်လာ

Last Updated:

တရုတ်နိုင်ငံ၏ ပြည်တွင်းသရက်သီးရောင်းလိုအားသည် နိုဝင်ဘာလတွင် အကန့်အသတ် ရှိခဲ့ပြီး ဈေးကွက်အတွင်း၌ အဓိကအားဖြင့် ဟိုင်နန်ကျွန်းမှ သစ်သီးများနှင့် ယူနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့မှ ထွက်ရှိသော သရက်သီးအနည်းငယ်တို့သာ ရောင်းချခဲ့ကြောင်း၊ နိုဝင်ဘာလ အတွက် တစ်နိုင်ငံလုံး သရက်သီးထုတ်လုပ်မှု စုစုပေါင်း မက်ထရစ်တန်ချိန် (၂၀,၀၀၀)ခန့်ရှိပြီး အဓိကမျိုးကွဲများမှာ Jinhuang ၊ Taiong ၊ Guifei နှင့် Keitt တို့ဖြစ်ကြောင်း၊ ရောင်းလိုအား နည်းသည့်အတွက် ခြံပေါက်ဈေးသည် ဇွန်လမှ သြဂုတ်လအတွင်း စံချိန်တင်ထားသည့် အမြင့်ဆုံး ဈေးထက် သုံးဆမှ လေးဆအထိ မြင့်တက်လာခဲ့ကြောင်း၊ ထုတ်လုပ်သည့် ဒေသများတွင် ပျမ်းမျှ လက်ကားဈေးသည် တစ်ကီလိုဂရမ်လျှင် တရုတ်ယွမ် ၁၁.၅ (အမေရိကန်ဒေါ်လာ ၁.၅၈)အထိ မြင့်တက်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ဟိုင်နန်ကျွန်းရှိ သရက်သီးစိုက်ပျိုးထုတ်လုပ်မှုသည် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး သီးနှံထွက်ရှိမှုကို အနှောင့် အယှက်ဖြစ်စေကာ အသီး၏ အရည်အသွေးနှင့် စျေးကွက်ဝယ်လိုအားကိုပါ ထိခိုက်စေကြောင်း၊ သရက်သီးများသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ၌ Tomb Sweeping Festival ပြီးမှသာ စျေးကွက်သို့ ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ထိုသို့နှောင့်နှေးမှုသည် ကာလတိုတွင် စျေးကွက် ရောင်းလိုအားကို အဟန့်အတားဖြစ်စေပြီး ဈေးနှုန်းများကို မြင့်တက်စေကြောင်း၊ ပုံမှန်အားဖြင့် ပြည်တွင်းသရက်သီးဈေးသည် ဆောင်းရာသီတွင် ဈေးမြင့်ပြီး နွေရာသီတွင် ဈေးနိမ့်၍ ရာသီ အလိုက် ပေါက်ဈေးအတိုင်း ရောင်းချလေ့ရှိကြောင်း သိရှိရသည်။

နိုဝင်ဘာလတွင် သရက်သီးလက်ကားဈေးသည် တစ်ကီလိုဂရမ်လျှင် ၁၀.၅၈ ယွမ် (အမေရိကန်ဒေါ်လာ ၁.၄၅) နှင့် ၁၁.၈၆ ယွမ် (အမေရိကန်ဒေါ်လာ ၁.၆၂)ကြားတွင် အတက် အကျရှိပြီး ယခင်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက (၁.၄)ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ဒေသအလိုက် သရက်သီးဈေးနှုန်းများ ကွဲပြားပြီး ဟေလုံကျန်းပြည်နယ်တွင် စျေးနှုန်းသည် (၈၇.၉)ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာသည်ကို တွေ့မြင်ရပြီး အခြားပြည်နယ်နှင့် မြို့ကြီးအချို့တွင် (၁၀)ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း၊ ဆန့်ကျင်ဘက်အားဖြင့် ကွမ်ရှီး ဒေသသည် (၄.၈) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ဤသို့ဒေသအလိုက် ခြားနားချက်များသည် ကွဲပြားသော ရောင်းလိုအား/ဝယ်လိုအား အခြေအနေများကို ထင်ဟပ်နေကြောင်း၊ မြောက်ပိုင်း ဈေးကွက်များသည် ဆောင်းရာသီတွင် တရုတ်နိုင်ငံတောင်ပိုင်းမှ သရက်သီးတင်ပို့မှုအပေါ် မှီခို ရပြီး သယ်ယူပို့ဆောင်ရေးစရိတ်နှင့် ဆုံးရှုံးမှုများ ပိုမိုမြင့်မားလာခြင်းက ဈေးနှုန်းများ ပိုမိုမြင့်တက် လာစေကြောင်း၊ တောင်ပိုင်းရှိ သရက်သီးထုတ်လုပ်သည့်ဒေသများသည် ပြိုင်ဆိုင်မှုပြင်းထန်ကာ ဈေးနှုန်းအတက်အကျဖြစ်ခြင်းကို နည်းစေကြောင်း သိရှိရသည်။

တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ပထမ (၁၀)လတွင် တရုတ်နိုင်ငံသည် စုစုပေါင်း သရက်သီး (၈၇,၈၃၅)မက်ထရစ်တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၀၈.၅၇)သန်းဖိုးရှိကြောင်း၊ ပို့ကုန်ပမာဏနှင့် တန်ဖိုးသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၁၀၈)ရာခိုင်နှုန်းနှင့် (၁၀၇)ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း၊ လစဉ် သရက် သီးတင်ပို့မှုပမာဏသည် အတက်အကျများသည်ကို ပြသလျက်ရှိပြီး ဇန်နဝါရီလတွင် ပို့ကုန်ပမာဏ (၉၂၉)မက်ထရစ်တန်ဖြင့် အနည်းဆုံးဖြစ်ပြီး ဇူလိုင်လတွင် အမြင့်ဆုံး (၂၄,၆၃၅)မက်ထရစ်တန် အထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း၊ အောက်တိုဘာလတွင် ပို့ကုန်ပမာဏမှာ (၃၆၃၂) မက်ထရစ်တန်အထိ ပြန်လည်ကျဆင်းသွားကြောင်း၊ ထိုသို့အတက်အကျဖြစ်ခြင်းသည် ပြည်တွင်း နှင့် နိုင်ငံတကာ ရောင်းလိုအားနှင့်ဝယ်လိုအားများ၏ အပြန်အလှန် သက်ရောက်မှုကြောင့်ဖြစ် ကြောင်း၊ နှစ်လယ်ပိုင်းတွင် မြောက်ကမ္ဘာခြမ်းသည် သစ်သီးစားသုံးမှု အမြင့်မားဆုံးကာလဖြစ် သည့် နွေရာသီသို့ ဝင်ရောက်လာသည်နှင့်အမျှ တရုတ်သရက်သီးများသည် ၎င်းတို့၏ အရည် အသွေးနှင့် ဈေးနှုန်းအားသာချက်များကြောင့် ပြည်ပ၌ စျေးကွက်ဝေစု ပိုမိုရရှိလာကာ ပို့ကုန် ပမာဏ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

တင်ပို့သည့်နေရာများတွင် ဗီယက်နမ်သည် (၁၀)လတာကာလအတွင်း တရုတ်နိုင်ငံမှ သရက်သီးတင်ပို့မှု အများဆုံးနိုင်ငံဖြစ်ကာ ပမာဏအားဖြင့် (၄၈၁၅၈)မက်ထရစ်တန် ရှိပြီး သရက်သီးတင်ပို့မှုစုစုပေါင်း၏ (၅၄.၈)ရာခိုင်နှုန်းရှိ၍ ပျမ်းမျှဈေးနှုန်းမှာ မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၈၆၄.၇၂)ရှိကြောင်း၊ ရုရှားနိုင်ငံသည် ဒုတိယနေရာ၌ရှိနေပြီး  မက်ထရစ် တန် (၁၂,၇၅၅) သို့မဟုတ် ပို့ကုန်ပမာဏ၏(၁၄.၅)ရာခိုင်နှုန်းရှိကာ  ပျမ်းမျှဈေးမှာ မက်ထရစ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁,၆၂၁.၉၃)ရှိကြောင်း၊ ဟောင်ကောင်သည် ပို့ကုန်ပမာဏ (၁၁,၂၇၃)မက်ထရစ်တန်ဖြင့်တတိယနေရာမှာ ရပ်တည်နေပြီး စုစုပေါင်းတင်ပို့မှု၏ (၁၂.၈) ရာခိုင် နှုန်းရှိကာ ပျမ်းမျှဈေးမှာ မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၂,၀၂၉.၂၅)ရှိကြောင်း၊ ပထဝီအနေအထားအရ နီးကပ်မှုနှင့် စားသုံးသူများ၏ ခိုင်မာသော ဝယ်လိုအားကြောင့် အာရှ ဈေးကွက်သည် တရုတ်နိုင်ငံ၏ သရက်သီးတင်ပို့မှုအတွက် အဓိကဈေးကွက်အဖြစ် ဆက်လက် တည်ရှိနေကြောင်း၊ အထူးသဖြင့် ရုရှား၊ ကာဂျစ်စတန်နှင့် အခြားဈေးကွက်များသည် တရုတ် သရက်သီးများအတွက် ခိုင်မာသော ဝယ်လိုအားရှိခဲ့ပြီး တင်ပို့မှု သိသိသာသာ တိုးလာခဲ့ကြောင်း သိရှိရသည်။

 

Source: https://www.producereport.com/article/mango-prices-china-see-sharp-rise-november

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News