International News

Monthong ဒူးရင်းရာသီကုန်ခါနီး စံချိန်တင် ဈေးနှုန်းမြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံတွင် အရည်အသွေးအကောင်းဆုံး Monthong ဒူးရင်း တစ်ကီလိုလျှင် ဗီယက် နမ်ဒေါင် ၂၁၈,၀၀၀ - ၂၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈.၈ - ၉.၃) ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အဆင့် B နှင့် C တို့ကို ဗီယက်နမ်ဒေါင် ၁၉၅,၀၀၀ - ၂၀၀,၀၀၀ နှင့် ၁၀၀,၀၀၀ - ၁၄၀,၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။ Ri 6 ဒူးရင်းမှာမူ အဆင့် A အတွက် ဗီယက်နမ် ဒေါင် ၁၆၀,၀၀၀ နှင့် အဆင့် C အတွက် ဗီယက်နမ်ဒေါင် ၇၀,၀၀၀ ရှိကြောင်း ဖော်ပြထားပါ သည်။

Ben Tre ခရိုင်မှ တောင်သူ Hoang က ဒူးရင်းစျေးများ တဟုန်ထိုး မြင့်တက်၍ အံ့ဩမိကြောင်းနှင့် အဆင့် C ဒူးရင်း တစ်တန်ကို တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၁၀,၀၀၀ ဖြင့် ရောင်းချခဲ့ကြောင်း၊ လာမည့်အပတ်တွင် ရာသီပြတ်ရိတ်သိမ်းရန် ၂ တန် ကျန်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ ရာသီကုန် Monthong ဒူးရင်းများရောင်းလိုအားနည်းသောကြောင့် ဈေးပိုလာကြောင်း သိရှိရပါသည်။

အဆိုပါအချက်နှင့် စပ်လျဉ်း၍ ဒူးရင်းကုမ္ပဏီ Van Hoa မှ ကိုယ်စားလှယ်တစ်ဦးက Monthong ဒူးရင်းထုတ်လုပ်မှုသည် ယခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိကျဆင်းသွားကြောင်း၊ အဆင့် A ဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၂၃၀,၀၀၀ ထိရောက်ရှိထားပြီး အလွယ်တကူ ဝယ်၍မရတော့ကြောင်း ဖော်ပြထားပါသည်။

Tien Giang ပြည်နယ်မှ ကုန်သည်တစ်ဦးဖြစ်သူ Nguyen Hang က ယခုနှစ်တွင် တစ်နေ့လျှင် သစ်သီးငါးတန်မှ ၁၅ တန်ခန့်သာ ရရှိနိုင်သည်ဟုဆိုသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ရေငန်ဝင်ရောက်မှုသည် ယခုနှစ်တွင် ပုံမှန်အဆင့်ကို ကျော်လွန်သွားခဲ့ပြီး ဒူးရင်းတောင်သူများအတွက်လည်း ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က မေလတွင် ရောင်းလိုအား ပြန်လည်ကောင်းမွန်လာပြီး ဈေးနှုန်းများ တည်ငြိမ်ရန် မျှော်လင့်ထားကြောင်းသိရသည်။ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမနှစ်လတွင် ဒူးရင်း တန်ချိန် ၃၉၀၀၀ နီးပါး တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၂ သန်းဖြင့် ယခင်နှစ် အလားတူကာလထက် နှစ်ဆနီးပါး တင်ပို့ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

တရုတ်နိုင်ငံသို့ အေးခဲထားသော ဒူးရင်းတရားဝင်တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာကို မကြာမီလက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိကြောင်း အပင်ကာကွယ်ရေးဌာန ပြောကြားချက်အရ သိရှိရပါသည်။ သို့ဖြစ်ရာ နှစ်စဉ် ပို့ကုန် ၃၀ ရာခိုင်နှုန်း တိုးလာနိုင်ကြောင်း ဖော်ပြထားပါသည်။

 

 

Source : VN Express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News