International News

အမေရိကန်နိုင်ငံ၌ ပြောင်းအထွက်နှုန်း Bushel (၁၅) ဘီလီယံထွက်ရှိရန် ခန့်မှန်း

Last Updated:

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (United States Department of Agriculture – USDA) ၏ ပြောင်းသီးနှံရိတ်သိမ်းဧကနှင့် အထွက်နှုန်းခန့်မှန်းချက်အပေါ် အခြေခံ၍ ပြောင်းသီးနှံအထွက်နှုန်းသည် Bushels (၁၅.၁) ဘီလီယံနှင့် ပဲပုပ်အထွက်နှုန်းသည် Bushels (၄.၄၃၅) ဘီလီယံ အသီးသီးရှိနိုင်ကြောင်း စိုက်ပျိုးရေးဆိုင်ရာ SuccessfulFarming အွန်လိုင်းဝက်ဘ်ဆိုက် ၌ ၁-၇-၂၀၂၄ ရက်တွင် “U.S. farmers head for back-to-back 15 billion-bushel corn corps” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန် ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်သူများသည် ၂၀၂၄ ခုနှစ်တွင် ခန့်မှန်းချက်ထက် ပို၍စိုက်ပျိုးထုတ်လုပ်ခဲ့ကြပြီး ဒုတိယအကြိမ်ရိတ်သိမ်းချိန်တွင်လည်း ပြောင်းသီးနှံ Bushels (၁၅) ဘီလီယံ ထွက်ရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ၏ စိုက်ပျိုးသူများနှင့် စိုက်ပျိုးမြေ တစ်ဧကအထွက်နှုန်းဆိုင်ရာ လေ့လာမှုစစ်တမ်းအရ သိရှိရကြောင်း၊ ယင်းသို့အများအပြား ထုတ်လုပ်နိုင်မှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းသွားသော်လည်း ပြောင်းဈေးနှုန်းသည် ကျဆင်းလာနိုင်ကြောင်း၊ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန၏ နှစ်စဉ်စိုက်ဧကအစီရင်ခံစာတွင် ပဲပုပ်အထွက်နှုန်းမှာ အမေရိကန်သမိုင်းတစ်လျှောက် ဒုတိယအများဆုံး ထုတ်လုပ်နိုင်မည်ဟု ယူဆကြောင်း၊ ပြောင်းနှင့် ပဲပုပ်သီးနှံ (၂) မျိုးသည် အမေရိကန်နိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့်နှင့် စိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ပြီး အဓိကစိုက်ပျိုးသီးနှံ (၂၀) ကျော်၏ (၅၆) ရာခိုင်နှုန်း၊ စိုက်ဧက (၃၁၅.၂) သန်းရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ပြောင်းထုတ်လုပ်မှုသည် Bushels (၁၅.၃၄၂) ရှိခဲ့ကြောင်း၊ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန၏ နှံစားသီးနှံသိုလှောင်ထိန်းသိမ်းမှု (Grain Stocks) အစီ ရင်ခံစာအရ ပြောင်းနှင့် ပဲပုပ်သိုလှောင်ထားရှိမှုမှာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ များပြားကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇွန်လရှိ ပြောင်းနှင့် ပဲပုပ်သိုလှောင်ထားမှုပမာဏမှာ Bushels (၄.၁၀၃) ဘီလီယံနှင့် Bushels (၇၉၆) သန်းအသီးသီးရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် ပြောင်း Bushels (၄.၉၉၃) ဘီလီယံနှင့် ပဲပုပ် Bushels (၉၇၀) သန်းရှိသဖြင့် လက်ရှိ သိုလှောင် ထိန်းသိမ်းထားမှုမှာ များပြားကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အမေရိကန်စိုက်ပျိုးသူများသည် ဂျုံစိုက်ဧက (၄၇.၂) သန်းစိုက်ပျိုးခဲ့ကြပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၅) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဝါဂွမ်း စိုက်ဧကသည် (၁၁.၇) သန်းရှိသဖြင့် ယခင်နှစ်က ထက် (၁၄) ရာခိုင်နှုန်းနှင့် စပါးစိုက်ဧက (၂.၉၄၃) သန်းရှိရာ (၁.၇) ရာခိုင်နှုန်း အသီးသီး မြင့်တက်လာကြောင်း၊ ယခုနှစ်တွင် ပြောင်းနှင့်ပဲပုပ်အထွက်နှုန်းများနိုင်ပြီး တစ်ဧကလျှင် ပြောင်းအထွက်နှုန်း (၁၈၁) Bushels နှင့် ပဲပုပ်အထွက်နှုန်း (၅၂) Bushels အထိရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေး ဝန်ကြီး ဌာန၏ ခန့်မှန်းချက်အရ သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News