International News

ဒုတိယသုံးလပတ်တွင် ဂျာမန်စီးပွားရေး မမျှော်လင့်ဘဲ ကျုံ့သွား

Last Updated:

ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် မမျှော်လင့်ဘဲ ကျဆင်းသွားခဲ့ကြောင်း ၃၀-၇-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရှိရပါသည်။ နိုင်ငံ၏ ဂျီဒီပီသည် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း The Federal Statistics Office (Destatis) က ပြောကြားခဲ့သည်။

FactSet မှ လေ့လာသုံးသပ်သူများကမူ အဆိုပါကာလအတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၀.၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခဲ့သည်။

ING မှ လေ့လာသုံးသပ်သူ Mr. Carsten Brzeski က ဒုတိယသုံးလပတ်အတွက် ဂျာမနီနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း နိမ့်ကျမှုကို  ယခုကျင်းပလျက်ရှိသော ပါရီအိုလံပစ် ပြိုင်ပွဲတွင်နိုင်ငံနှင့် အသင့်တော်ဆုံးသော ဆုတံဆိပ်အဖြစ် တင်စားဖော်ပြထားခဲ့သည်။ ဂျာမနီသည် ယူရိုဇုန်တွင် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေကြောင်းကို ၃၀-၇-၂၀၂၄ ရက်တွင် ထုတ်ပြန်သော ကိန်းဂဏန်းများက အတည်ပြုနေသည်ဟု  Brzeski မှ ပြောကြားခဲ့သည်။ လာမည့်အနာဂတ်တွင် ဂျာမန်စီးပွားရေးသည် မျှော်လင့်ချက်များနှင့်  စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေများအကြားတွင် ဆက်လက်ရှိနေမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ပထမသုံးလပတ်တွင် စီးပွားရေးအနည်းငယ် တိုးတက်လာသဖြင့် ဥရောပ၏အကြီးဆုံး စီးပွား ရေးဖြစ်သော ဂျာမနီ၏ စီးပွားရေး ပြန်လည်နာလန်ထူလာစေမည့် အလားအလာ ဖြစ်စေခဲ့ပြီးနောက် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ဂျာမနီ၏ စီးပွားရေးကျုံ့သွားရခြင်းမှာ ရင်းနှီး မြှုပ်နှံမှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု စာရင်းအင်းပညာရှင်များက ထောက်ပြခဲ့ကြသည်။

ဂျာမနီ၏ စီးပွားရေးကျဆင်းမှုသည် စီးပွားရေးတိုးတက်မှုနှုန်း ၀.၃ ရာခိုင်နှုန်းရှိသော ယူရိုဇုန် တစ်လျှောက်ရှိ နိုင်ငံများ၏ ဆန့်ကျင်ဘက်၌ ရပ်တည်နေကြောင်း The EU Statistics Agency (Eurostat) မှ ၃၀-၇-၂၀၂၄ ရက်တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရှိရသည်။ အိမ်နီးချင်း ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လက်ရှိအချိန်တွင်  ဂျာမနီ၏ စွမ်းဆောင်ရည်မှာ အလွန်ညံ့ဖျင်းနေကြောင်း  LBBW မှ စီးပွားရေးပညာရှင် Mr. Jens-Oliver Niklasch က ပြောကြားခဲ့သည်။ ဂျာမနီ၏ ပို့ကုန်ကိုအလေးထားသည့် စီးပွားရေးလုပ်ငန်းများသည် တရုတ် နိုင်ငံ၏ စီးပွားရေးအားနည်းလာမှုနှင့် ရင်ဆိုင်ထိတွေ့နေရကြောင်း၊ သို့သော်လည်း လက်ရှိ ဖြစ်ပေါ်နေသောပြဿနာများမှာ နိုင်ငံအတွင်း စီးပွားရေးအခြေအနေများကို အခြေခံ၍ ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်နဲ့တရုတ်တို့၏ ကုန်သွယ်ရေးတင်းမာမှုများကြောင့် စီးပွားရေးအရှိန်အဟုန်ကျဆင်းနေချိန်တွင် ဂျာမနီ၏ခိုင်မာသည့်ပို့ကုန်တင်ပို့မှု  ပြန်လည်ဦးမော့လာနိုင်ရန် မျှော်လင့်ချက်အလွန်နည်းပါးကြောင်း၊ တစ်နှစ်တာလုံးအတွက် ဂျာမနီ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၀.၂ ရာခိုင်နှုန်းခန့်ရှိလာမည်ဟု German Council of Economic Experts က ခန့်မှန်းထား သော်လည်းဂျာမနီအနေဖြင့် ကျွမ်းကျင်လုပ်သားရှားပါးမှု၊ စွမ်းအင်စျေးနှုန်းကြီးမြင့်မှုနဲ့ လျှပ်စစ် ဖြင့် မောင်းနှင်နိုင်ရေးအတွက်  ပြောင်းလဲထုတ်လုပ်လာရသော မော်တော်ကား ထုတ်လုပ်မှုများ အစရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။

Ifo စီးပွားရေးဝန်းကျင်တွင် တိုးတက်မှုနှုန်း သုံးဆခန့်ကျဆင်းလာခြင်းနှင့် အခြားသော စီးပွား ရေးညွှန်းကိန်းများတွင် တွေ့ရှိရသည့် အားနည်းချက်များသည် နိုင်ငံ၏ အားရဖွယ်မရှိသော စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၂၄ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် အကောင်းဆုံး ဆောင်ရွက်သွား နိုင်ရန် အကြံပြုနေကြောင်း Commerzbank မှ စီးပွားရေးပညာရှင် Mr. Jörg Krämer က ပြောကြားခဲ့သည်။

 

 

Source:         https://www.dw.com/en/german-economy-contracts-unexpectedly-in-second-quarter/a-69805731

ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်

Category: International News