International News

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းဆန်တင်ပို့မှု ၂၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့

Last Updated:

ယခုနှစ်အတွင်း အဓိက ဈေးကွက်များ၏ ဝယ်လိုအားနှင့် ဘတ်ငွေ အားပျော့နေမှုကြောင့် ထိုင်း ဆန် တန်ချိန် ၈.၂ သန်း တင်ပို့ရန် ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Ronnarong Phoolpipat ၏ ပြောကြား  ချက်အရ သိရှိရပါသည်။

ပထမနှစ်ဝက်အတွင်း ဆန်တန်ချိန် ၅.၀၈ သန်း တင်ပို့ခဲ့ပြီး ဘတ် ၁၁၇.၈ ဘီလီယံ ရရှိခဲ့သဖြင့် ၂၅.၁ ရာခိုင်နှုန်းနှင့် ၅၅.၅ ရာခိုင်နှုန်း အသီးသီး တိုးတက်မှုရှိခဲ့ပါကြောင်း၊ ဆန်တင်သွင်းသူများက စားသုံးရန်နှင့် အစားအစာဖူလုံရေးအတွက် စတော့ခ်အနေဖြင့် ထားသိုရန်အတွက် တင်သွင်းကြခြင်း ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုကန့်သတ်ချက်များနှင့် ဘတ်ငွေတန်ဖိုးသည် ၁ ဒေါ်လာလျှင် ၃၆ ဘတ်မှ ၃၇ ဘတ်အကြား ရှိသဖြင့် ထိုင်းဆန်အတွက် ယှဉ်ပြိုင်နိုင်မှုကို ထိန်းထားပါကြောင်း၊ ဦးစီး ဌာနအနေဖြင့် ဒုတိယနှစ်ဝက်အတွင်း ဆန်တင်ပို့မှုအခြေအနေနှင့်စပ်လျဉ်း၍ ဇူလိုင်လ ၂၅ ရက်နေ့တွင် Thai Rice Exporters’ Association နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နှင့်  အင်ဒိုနီးရှားတို့ ကဲ့သို့သော အဓိကပို့ကုန်ဈေးကွက်များမှ ဝယ်လိုအား အဆက်မပြတ်ရှိနေဆဲဖြစ်ကြောင်း ညွှန်ကြား ရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံက ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်းထားကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တရားဝင်လျှော့ချပေးခဲ့ပြီး ယခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၂၈ ခုနှစ်အထိ ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဖိလစ်ပိုင်က ဆန် တန်ချိန် ၄.၇ သန်းနှင့် အင်ဒိုနီးရှားက ဆန် တန်ချိန် ၃.၆ သန်းမှ ၄.၃ သန်းကြားကို ထိုင်းအပါအဝင် ဆန်တင်ပို့သည့် နိုင်ငံများထံမှ ဝယ်ယူတင်သွင်းမည်ဟု ကတိပြုခဲ့ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှုအတွက် မိုးရေချိန်တိုးမြင့်ရရှိသဖြင့် ရာသီတွင်းဆန်ထုတ်လုပ်မှုသည် ဈေးကွက်အတွင်း ဝင်ရောက်လာပါကြောင်း၊ ထို့ကြောင့် ဆန်ဈေးနှုန်းကျဆင်းခဲ့ပြီး ပိုမိုယှဉ်ပြိုင်နိုင်ပါကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ချက်အပေါ် ပြန်လည်သုံးသပ်နိုင်ခြင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့၏ ဆန်ထုတ်လုပ်မှုတိုးမြှင့်ပါက ကမ္ဘာ့ဆန်ထောက်ပံ့မှုမြင့်တက်နိုင်ပြီး ယှဉ်ပြိုင်ဈေးနှုန်းမြင့်တက်နိုင်ခြင်း၊ လက်ရှိ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများနှင့် သင်္ဘောတင်ပို့ စရိတ် မငြိမ်သက်မှုများသည် ဒုတိယနှစ်ဝက်အတွင်း ထိုင်းဆန်တင်ပို့မှုအပေါ် သက်ရောက်လာနိုင်သည့် အချက်များဖြစ်ကြောင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းသို့ ဆန်ဖြူ ပမာဏများစွာ တင်ပို့ရန် ပို့ကုန်လုပ်ငန်းရှင်များ၏ ကတိပြုချက်များကြောင့် ထိုင်းဆန်တင်ပို့မှု သည် ကောင်းမွန်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းဆန်တင်ပို့မှု မြှင့်တင်နိုင်ရေးအတွက် Thai Rice Exporters’ Association အပါအဝင် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ် ကျန်လများတွင် နိုင်ငံတကာမှ ဆန် ပညာရှင်များ၏ ဗဟုသုတများ မျှဝေသွားမည့် Thailand Rice Convention (TRC) ကို ကျင်းပသွားရန် လျာထားပါကြောင်း၊ Roadshow တွင် ကမ္ဘာ့ဈေးကွက်လားရာ မြေပြင်သတင်းအချက်အလက်များကို တောင်သူများထံ မျှဝေသွားမည် ဖြစ်ပြီး ဈေးကွက်လိုလားချက်နှင့်ကိုက်ညီသည့် ဆန်ထုတ်လုပ်နိုင်‌ရေး အားပေးသွားမည် ဖြစ်ကြောင်း၊ တောင်အာဖရိက၊ ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ကဲ့သို့သော အဓိက ဈေးကွက်များသို့ ဆန်ဈေးကွက်တိုးချဲ့သွားရန်နှင့် ကုန်စည်ပြပွဲများ တွင် ပါဝင်ပြသသွားရန် လျာထားကြောင်း Mr. Ronnarong က ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News