International News

အမေရိကန်ဆိပ်ကမ်းများ၌ လာမည့်ဆောင်းဦးရာသီတွင် ဆိပ်ကမ်းအလုပ်သမားများ ဆန္ဒပြနိုင်ခြေရှိ

Last Updated:

အမေရိကန်ဆိပ်ကမ်းအလုပ်သမားများသည် လုပ်ခလစာ၏ ၇၇ ရာခိုင်နှုန်း တိုးမြှင့်တောင်းဆိုမှုကိုမရရှိပါက မိန်းပြည်နယ်မှ တက္ကဆက်ပြည်နယ်တစ်လျှောက်ဆိပ်ကမ်းများရှိ ၎င်းတို့အလုပ် များမှထွက်ခွာ၍ ဆန္ဒပြမည့်အစီအစဉ်ကို ဆွေးနွေးရန် ဆိပ်ကမ်းအလုပ်သမားသမဂ္ဂအရာရှိများ တွေ့ဆုံမည်ဖြစ်ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၃၀-၈-၂၀၂၄ ရက်၌ “Threat of Strike This Fall Hangs Over U.S. Ports” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

မိန်းပြည်နယ်မှ တက္ကဆက်ပြည်နယ်တစ်လျှောက်ရှိ ဆိပ်ကမ်းများမှ ဆပ်ကမ်းအလုပ်သမား ၄၅,၀၀၀ ကျော်ကို ကိုယ်စားပြုသည့် သမဂ္ဂအရာရှိများသည် နယူးဂျာစီပြည်နယ်၌ ၂၉-၈-၂၀၂၄ နှင့် ၃၀-၈-၂၀၂၄ ရက်တို့တွင် တွေ့ဆုံ၌ အောက်တိုဘာလ ၁ ရက်မှစတင်ကာ ဆန္ဒပြမည့်ကိစ္စကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ အမေရိကန် အရှေ့ဘက်ကမ်းခြေနှင့် ပင်လယ်ကွေ့ဆိပ်ကမ်းမှ ဆိပ်ကမ်းအလုပ်သမားသမဂ္ဂခေါင်းဆောင် Mr. Harold Daggett က International Longshoremen’s Association (ILA) နှင့် လုပ်ငန်းရှင်များအကြား လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုနှင့်ပတ်သက်၍ တင်းမာလျက်ရှိသည်ဟုဆိုကြောင်း၊ ဆိပ်ကမ်းအလုပ်သမားများ၏ အလုပ် ခန့်ထားမှုစာချုပ်သည် ၃၀-၉-၂၀၂၄ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ စာချုပ်သက်တမ်းမကုန်ဆုံးမီ အလုပ်သမားများက သက်တမ်းတိုးမြှင့်မည့်စာချုပ်တွင် လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆိုခြင်းဖြစ်ရာ သဘောတူညီမှုမရရှိပါက ၎င်းတို့၏ အလုပ်မှထွက်ခွာ၍ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားသမဂ္ဂနှင့် ပင်လယ်ကူးသင်္ဘောကုမ္ပဏီများနှင့် ဆိပ်ကမ်းရှိ လုပ်ငန်းရှင်များကို ကိုယ်စားပြုသော United States Maritime Alliance အဖွဲ့မှ ကိုယ်စားလှယ်များ ဆွေးနွေးလျက်ရှိသည်မှာ လပေါင်းများစွာ ကြာမြင့်လျက်ရှိနေပြီဖြစ်ကြောင်း၊ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်များက လုပ်သက် ၆ နှစ်အထက် အလုပ် သမားများ၏ လုပ်ခလစာကို ၇၇ ရာခိုင်နှုန်း တိုးမြှင့်ပေးရန်တောင်းဆိုထားပြီး အလုပ်ရှင်များဘက်မှတောင်းဆိုသည့် ရာခိုင်နှုန်း၏ ထက်ဝက်ခန့် တိုးပေးမည်ဟူသည့် ဆွေးနွေးချက်ကို အလုပ်သမားသမဂ္ဂက လက်ခံမှုမရှိကြောင်း သိရှိရပါသည်။

ဆိပ်ကမ်းအလုပ်သမားများ ၎င်းတို့၏ အလုပ်မှထွက်ခွာလျက် ဆန္ဒထုတ်ဖော်ပါက ယခုအချိန် ကာလသည် အားလပ်ရက်ရာသီတွင် ရောင်းချမည့်ကုန်ပစ္စည်းများ ဝင်ရောက်မှုအများဆုံးအချိန်ဖြစ်ရာ ယင်းပစ္စည်းများ ဝင်ရောက်မှုအများဆုံး ဆိပ်ကမ်းများဖြစ်သည့် နယူးဂျာစီ၊ ဗာဂျီးနီးယား၊ ဆာဗန်းနားနှင့် ဟူစတန်ဆိပ်ကမ်းများ၏ လည်ပတ်မှုကို ထိခိုက်မည်ဖြစ်ကြောင်း၊ ထို့အပြင် သမ္မတ ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်ရာ သမ္မတလောင်းကင်မလာဟဲရစ်အတွက် ယခုကဲ့သို့ အလုပ်သမားနှင့် အလုပ်ရှင်များအကြား တင်းမာမှုသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ လက်လီအရောင်းဆိုင်ကြီးများဖြစ်သည့် Target ၊ Home Depot နှင့် Best Buy တို့ကို ကိုယ်စားပြုသည့် လက်လီအရောင်းဆိုင်များအသင်းကလည်း ဆိပ်ကမ်းအလုပ်သမားများနှင့် အလုပ်ရှင်များအကြား တင်းမာမှုအခြေအနေကို အစိုးရက ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း၊ ယခင်နှစ်က အနောက်ဘက်ကမ်းခြေဆိပ်ကမ်း အလုပ် သမားများနှင့် အလုပ်ရှင်များအကြား သဘောတူညီမှုရရှိရန် အမေရိကန် ခေတ္တအလုပ်သမားဝန်ကြီး Ms. Julie Su က ကူညီပေးခဲ့ကြောင်း၊ သို့ရာတွင် ဆိပ်ကမ်းအလုပ်သမားသမဂ္ဂခေါင်းဆောင် Mr. Harold Daggett က အစိုးရ၏ ကြားဝင်ဖြေရှင်းပေးမှုကို ၎င်းတို့အနေဖြင့် မလိုလားဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆိပ်ကမ်းအလုပ်သမားများ ၎င်းတို့၏အလုပ်ခွင်မှထွက်ခွာသွားပါက သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဆောင်းဦးရာသီ အရောင်းမြှင့်တင်မည့်ကာလမတိုင်မီ သွင်းကုန်များတင်သွင်းနိုင်ရန် ကုန်အမှာစာများကို ကြိုတင်မှာကြားလျက်ရှိရာ ကုန်အဝင်များလာပြီး သင်္ဘောတင်ခများဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း၊ ထို့အပြင် ပင်လယ်နီမှဖြတ်သန်းသည့် ကုန်တင်သင်္ဘောများကို ဟူသီများ (Houthi) က တိုက်ခိုက်ခဲ့မှုကြောင့် စူးအက်တူးမြောင်းမှတစ်ဆင့် ပင်လယ်နီသို့ သွားသည့် လမ်းကြောင်းကို ရှောင်ဖယ်၍သွားလာရသဖြင့် အာရှနိုင်ငံများမှ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့ သွားလာသည့် ကုန်တင်သင်္ဘောများသည် ၁၀ ရက်ကျော် နှောင့်နှေးကြန့်ကြာလျက်ရှိကြောင်း၊ အာရှနိုင်ငံများမှ အမေရိကန်နိုင်ငံ၊ အရှေ့ဘက်ကမ်းသို့ ပေ ၄၀ ကွန်တိန်နာ တစ်လုံးပို့ဆောင်ခသည် ဩဂုတ်လ ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၉,၅၁၈ ရှိသဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ၏ဈေးနှုန်းထက် နှစ်ဆခန့် ပို၍မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံရှိ ဆိပ်ကမ်းအလုပ်သမားများ၏ လုပ်ခလစာသည် ယင်းကဲ့သို့သော အလုပ် အမျိုးအစားများအနက် လုပ်ခလစာအမြင့်ဆုံးအလုပ်တွင်ပါဝင်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အမေရိကန်အရှေ့ဘက်ကမ်းခြေနှင့် ပင်လယ်ကွေ့ဆိပ်ကမ်းမှ ဆိပ်ကမ်းအလုပ်သမားများ၏ တစ်နာရီလုပ်အားခမှာ ပျမ်းမျှအမေရိကန်ဒေါ်လာ ၃၈ ရှိပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် အနောက်ဘက်ကမ်းခြေရှိ ဆိပ်ကမ်းအလုပ်သမားများ၏ လုပ်ခလစာသည် အမေရိကန်ဒေါ်လာ ၄၆ ရှိကြောင်း၊ အလုပ်သဘောသဘာဝနှင့် အချိန်ပိုကြေးရရှိနိုင်သည့် အခွင့်အလမ်းများကြောင့် သမဂ္ဂအဖွဲ့ဝင်ကရိန်းမောင်းသူ အလုပ်သမားတစ်ဦးလျှင် တစ်နှစ်လုပ်ခလစာမှာ ဒေါ်လာ ၁ သိန်းကျော် ရှိကြောင်း သိရှိရပါသည်။

 

Source: https://www.wsj.com/articles/threat-of-strike-this-fall-hangs-over-u-s-ports-bc9126ec?mod=business_lead_story

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News