International News

ဥရောပတွင်၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်၌ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ထွက်ကုန်နှင့် သွင်းအားစု စျေးနှုန်းများ ဆက်လက် ကျဆင်းခဲ့

Last Updated:

ဥရောပသမဂ္ဂတွင် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်၌ ကုန်ထုတ်အင်အားစုများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် မသက်ဆိုင်သော သွင်းအားစုများ၏ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ စျေးနှုန်းများ ကျဆင်းခဲ့သည်။ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်ရှိ လယ်ယာထွက်ကုန်များ၏ ပျမ်းမျှစျေးနှုန်းသည် ယမန် နှစ် (၂၀၂၃ ခုနှစ်) အလားတူ သုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းခန့် ကျဆင်းသွား သည်ကို တွေ့ရှိနိုင်ပေသည်။

ယင်းကာလအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် လက်ရှိသုံးစွဲလျက်ရှိသော စွမ်းအင်၊ ဓာတ်မြေသြဇာ (သို့မဟုတ်) တိရစ္ဆာန်အစာများကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုနှင့်မသက်ဆိုင်သည့် သွင်းအားစုများ ပါဝင်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ပျမ်းမျှစျေးနှုန်းသည် ၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်းနှင့် မည်သို့ပင်ဆိုစေကာမူ အဆိုပါကျဆင်းမှုသည် ပြီးခဲ့သည့် သုံးလပတ်ကာလ နှစ်ခုကထက်  အနည်းငယ် လျော့နည်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်၏ ပထမဆုံး သုံးလပတ်ကာလ(၃)ခုအတွင်း လယ်ယာထွက် ကုန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်ခဲ့ပြီးသည့်နောက်၊ စီးပွားရေးတိုးတက်မှုနှုန်းမှာ နှေးကွေးလာခဲ့ပြီး ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ပါသည်။ မကြာသေးမီက လယ်ယာ ထွက်ကုန်များနှင့် သွင်းအားစုများ၏ကုန်ကျစရိတ်များ ကျဆင်းမှုမှာ ၂၀၂၁ ခုနှစ်မတိုင်မီက ရှိခဲ့သော တည်ငြိမ်မှုအဆင့်သို့ ဦးတည်နေခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သတင်းအချက် အလက်များသည် Eurostat မှ ၂၆-၉-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော စိုက်ပျိုးရေးစျေးနှုန်း ညွှန်းကိန်းများဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

ကိန်းဂဏန်းအချက်အလက်များကို အနီးကပ်လေ့လာကြည့်ရှုရာတွင် ၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်၏ စိုက်ပျိုးရေးထွက်ကုန်များအတွက် စျေးနှုန်းလမ်းကြောင်းကို ၂၀၂၃ ခုနှစ်၊ အလားတူ သုံးလပတ် ကာလ၏ဈေးနှုန်းနှင့် နှိုင်းယှဉ်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ကြီးမားသော ကျဆင်းမှုများအနေဖြင့် ကြက်ဥ (-၁၅%)၊ ကောက်ပဲသီးနှံများ (-၁၄%)နှင့် တိရစ္ဆာန်အစာများ (-၁၃%)။ တစ်ဖက်တွင်မူ ဝယ်ယူရရှိမှု ပြတ်တောက်နေသောကြောင့် သံလွင်ဆီသည် ၄၁ ရာခိုင်နှုန်း၊ အာလူးသည် ၁၀ ရာခိုင်နှုန်း အစရှိသည်ဖြင့် စျေးနှုန်းများ အသီးသီး ဆက်လက် မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ယေဘုယျအားဖြင့် သီးခြားထုတ်ကုန်များအတွက် ဈေးနှုန်းများ သိသိသာသာကွာခြားမှု ရှိသော် လည်း အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများသည် အနည်းငယ်မျှသာ ပြောင်းလဲသွားသည်ကို တွေ့ရှိရပါသည်။ (အသီးအနှံအမျိုးအစားအားလုံးအတွက် ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အသီးအရွက်များတွင် ၁ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် မသက်ဆိုင်သော သွင်းအားစုများထဲတွင်မှ ဓာတ်မြေသြဇာနှင့် မြေဆီလွှာအားဖြည့်ပစ္စည်းများ၏ ဈေးနှုန်းသည် ၁၉ ရာခိုင်နှုန်းနှင့် တိရစ္ဆာန်အစာများ၏ ဈေးနှုန်းသည် ၁၃ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ရာ ယင်းကျဆင်းမှုကို အဆိုးရွားဆုံး ဈေးနှုန်းကျဆင်းမှုအဖြစ် မှတ်တမ်းတင်ထားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလုံးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် မသက်ဆိုင်သော သွင်းအားစုများနှင့် လယ်ယာထွက်ကုန်များ စျေးနှုန်းကျဆင်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ (၂၇) နိုင်ငံအနက် (၁၇) နိုင်ငံတွင် စျေးနှုန်းကျဆင်းမှုများပြားခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်၏ ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။

 

Source:     https://ec.europa.eu/eurostat/en/web/products-eurostat-news/w/ddn-20240926-1

စီးပွားရေးသံမှူး၊ ဘာလင်

Category: International News