International News

ဗီယက်နမ်နိုင်ငံ လျှပ်စစ်မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော Vinfast က ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ကားဈေးကွက်ကို စိတ်ဝင်စားလျက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ လျှပ်စစ်မော်တော်ကားထုတ်လုပ်သူ Vinfast က ၎င်း၏ လျှပ်စစ်မော်တော်ကားများအတွက် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ပါ အကျိုးကျေးဇူးများရရှိရန် ရည်ရွယ်၍ အရှေ့တောင်အာရှရှိ တရုတ်လျှပ်စစ်မော်တော်ကားထုတ်လုပ်သူများ၏ ဈေးကွက်တွင် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရှိရပါသည်။

ကုမ္ပဏီ၏ ကနဦးအစီအစဉ်မှာ ထိုင်းနိုင်ငံတွင် တပ်ဆင်သည့်စက်ရုံ မတည်ထောင်မီ လျှပ်စစ် မော်တော်ကားများကို ထိုင်းနိုင်ငံသို့ တင်ပို့ရန်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ကားဈေးကွက်သည် လျင်လျင်မြန်မြန် တိုးတက်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းများအတွက် အလားအလာကောင်းများရှိပါကြောင်း၊ ထိုင်းအစိုးရကလည်း လျှပ်စစ်မော်တော်ကားစက်မှုအတွက် မက်လုံးပေး အစီအစဉ်များဖြင့် မြှင့်တင်လျက်ရှိပြီး Vinfast ကို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့နှင့် နိုင်ငံခြားကုမ္ပဏီများအတွက် ခံစားခွင့်ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိပါကြောင်း၊ လျှပ်စစ်မော်တော်ကားစက်ရုံ မတည်ဆောက်မီ လေ့လာရေးဆောင်ရွက်နေသည့် အဆင့်ဖြစ်ပါကြောင်း Vinfast Auto (Thailand) ၏ အကြီးတန်းအုပ်ချုပ်သူ Ms. Vu Dang Yen Hang က ပြောကြားခဲ့ပါသည်။

Vinfast က အာဆီယံတွင် လျှပ်စစ်မော်တော်ကား ပိုမိုရောင်းချနိုင်ရေး အာရုံစိုက်လျက်ရှိ ကြောင်း၊ အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်အောက်ရှိ နိုင်ငံများသို့ တင်ပို့ပါက အခွန်မပေးဆောင်ရသဖြင့် ရောင်းအားကောင်းမွန်နေပါကြောင်း၊ ကုမ္ပဏီ၏ လျှပ်စစ်မော်တော်ကား စက်ရုံများကို အမေရိကန် မြောက်ကော်ရိုလိုင်းနား၊ အိန္ဒိယတို့တွင် တည်ဆောက်လျက်ရှိပြီး အင်ဒိုနီး ရှားတွင်လည်း စက်ရုံသစ်တည်ဆောက်ရန် စီစဉ်ထားပါကြောင်း၊ ယခုနှစ်အတွင်း အမေရိကန်၊ ကနေဒါနှင့် အီးယူနိုင်ငံများအပြင် အာဆီယံ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများအပါအဝင် နိုင်ငံ ၅၀ သို့ လျှပ်စစ်မော်တော်ကားတင်ပို့နိုင်ရေး လျာထားပါကြောင်း၊ ထိုင်းနိုင်ငံ ဗန်ကောက်၊ ချင်းမိုင်၊ ခွန်ကင်း၊ အူဘွန်ရတ်ချဌာနီ၊ အယုဒ္ဓယနှင့် ချွန်ဘူရိတို့ရှိ ကားအရောင်းပြခန်း၂၂ ခုနှင့် ချိတ်ဆက်လျက်ရှိပါကြောင်း Ms. Vu Dang Yen Hang က ဆက်လက်ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ လျှပ်စစ်မော်တော်ကားထုတ်လုပ်သူက ထိုင်းနိုင်ငံ၏ ကြီးထွားလာသော လျှပ်စစ်မော်တော်ကားဈေးကွက်၊ အစိုးရ၏ လျှပ်စစ်မော်တော်ကားမက်လုံးပေးအစီအစဉ်များကို အသုံးပြု၍ Win-Win အခြေအနေဖြင့်ဆောင်ရွက်ရန် ဦးတည်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။  

 

 

Source: www.bangkok.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News